ဆယ်ကျော်သက်တို့ လှပစွာကြီးပြင်းစေချင်

ဆယ်ကျော်သက်တို့ လှပစွာကြီးပြင်းစေချင်

0

ဆယ်ကျော်သက်တို့အရွယ်ဆိုတာ ဥပမာတင်စားရရင် လိပ်ပြာအဆင့်သို့ရောက်လုဆဲဆဲ ပိုးဖလံ လိုနုနယ်ပြီး အထိခိုက်မခံတဲ့ အရွယ်လို့ဆိုရမှာပါ။ နောက်တစ်ချိန်မှာ အရာရာကို ဦးဆောင်နိုင်ဖို့ ဒီအရွယ်ထဲက လိုတာပုံသွင်းပြီး အထူးသဖြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုတို့ကို ထိန်းကျောင်းပေးနိုင်အောင် သိထားသင့်တဲ့အချက်လေးတွေကို Digital Rockstar ပရိသတ်ကြီးအတွက် ဝေမျှပေးပါရစေနော်။

(၁) ကြီးဖော်ဝင်လာခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု

ဆယ်ကျော်သက်တို့ရဲ့ အကြီးမားဆုံးသော ပြောင်းလဲဖြစ်စဉ်တစ်ခုဖြစ်တဲ့ ပျိုဖော်ဝင်ခြင်းဆိုတဲ့ ဇီဝဖြစ်စဉ်ပြောင်းလဲမှုဟာ ကြုံဖူးခဲ့တဲ့ လူကြီးတွေအတွက် သိပ်မဆန်းတော့ပေမယ့် သူတို့အတွက် ခြောက်ခြားဖွယ်(သို့) စိတ်ညစ်စရာတစ်ခုအနေနဲ့ မြင်တတ်ကြပါတယ်။ ဒါကြောင့် ဒီအချိန်မှာ သူတို့လေးတွေနဲ့ အချိန်ယူပြီး လိုအပ်တာ သင်ကြားပေးတာတွေ၊ စိတ်ပိုင်းဆိုင်ရာ ဖေးမမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဇီဝဖြစ်စဉ်ကြောင့် ပြောင်းလဲလာတဲ့ ဟော်မုန်းတွေနဲ့ အတူ အနံ့သက်တွေ ထွက်လာတဲ့ သဘာဝကိုလည်း မေ့မထားသင့်လို့ သူတို့ ပတ်ဝန်းကျင်မှာ သိမ်ငယ်အားငယ်တာတွေ မဖြစ်ရအောင်လည်း တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အလေးပေးဆွေးနွေးပေးပါနော်။

(၂) မနက်စာနဲ့ မစားသင့်တာတွေမစားမိစေဖို့

ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုတွေ ဆက်တိုက်ကြုံလာရတဲ့ အဖြေကတော့ အစားမစားချင်(သို့) ချိုချဉ်ငန်စပ်တွေ လွန်ကဲစွာစားခြင်းပါ။ မနက်စာတွေရှောင်လာမယ်၊ ကျန်းမာရေးနဲ့ မညီညွတ်အောင် အချဉ်ထုပ်တွေမတအားစားပြီး ဗိုက်အောင့်တာတွေပါဖြစ်လာပါပြီ။ ဒီအချိန်မှာ တားမရပေမယ့် မဖြစ်သင့်တာတွေမဖြစ်စေဖို့ မနက်စာကို စားဖြစ်အောင်စားခိုင်းပါ။ မနက်စာစားမှ တစ်နေ့လုံး အချိုဓာတ်စားချင်စိတ်တွေ လျော့နည်းပြီး တစ်နေ့လုံး အာရုံးစူးစိုက်ပြီး စာကောင်းကောင်း သင်နိုင်မှာပါနော်။

(၃) ရေဓာတ်ပြည့်ဝနေပါစေ။

ရေသောက်အနည်းဆုံးအရွယ်ဟာ ဆယ်ကျော်သက်အရွယ်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ဒါကြောင့် လှလှပပ ကျန်းကျန်းမာမာ ကြီးထွားဖို့ ရေဓာတ်ကို မှန်ကန်စွာ အသုံးချာတတ်ဖို့ သင်ကြားပေးပါ။ ကာဗွန်ပါတဲ့အချိုရည်တွေ၊ အရသာနဲ့ အနံ့အတုထည့်သွင်းထားတဲ့ သောက်စရာတွေ တတ်နိုင်သမျှမသောက်ခိုင်းပဲနဲ့ တစ်နေ့ရေအနည်းဆုံး ၁၂ခွက် (ဒါမှမဟုတ်) Snack Drink အနေနဲ့ သဘာဝသစ်သီးဖျော်ရည်လေးတွေ ကိုယ်တိုင်လုပ်ပေးပြီး သောက်ခိုင်းနိုင်ပါတယ်။

(၄)  ဝက်ခြံနဲ့ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အတွက်

ဆယ်ကျော်သက်အရွယ်မှာ ရှောင်လွှဲလို့မရတဲ့ အဆင့်ကတော့ ခန္ဓာကိုယ်တစ်ဝိုက် ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာခြင်းပါ။ ဒီအချိန်မှာ ဝက်ခြံတွေထွက်လာမယ်၊ အမွှေးမျင်ကြောင့် အနံသက်တွေထွက်လာမယ်၊ ရင်သားတွေဖွံ့ဖြိုးလာမယ်။ ဒါကြောင့် ပြစ်မျိုးမှဲ့မထင် ဖွံ့ဖြိုးလာဖို့ ဝက်ခြံအတွက် Ph-Balancing ပါတဲ့ မျက်နှာသစ်ခရမ်နဲ့ သစ်ခိုင်းတာတို့၊ ဖွံ့ဖြိုးလာတဲ့ ရင်သားအတွက်လုံးဝ သိမ်ငယ်စိတ်မဝင်အောင် မရှက်တတ်ဖို့၊ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သင်ကြားပေးပြီး သင့်တော်တဲ့ Bra ကို မေမေကိုယ်တိုင်ရွေးချယ်တတ်ဖို့လိုပါတယ်။ ထွက်ပေါ်လာတဲ့ ချိုင်းသားအမွှေးမျင်တွေအတွက်လည်း Chemical Product တွေမသုံးဘဲ သဘာဝပစ္စည်းတွေနဲ့ Shaving (သို့) Waxing လုပ်တဲ့ နည်းလမ်းက အကောင်းဆုံးပါ။ ဒါမှ အနံ့ဆိုးတွေကင်းဝေးပြီး ကျန်းမာလှပနေမှာနော်။

(၅) အထိမခံတဲ့ အရွယ်အတွက် အနားပေးခြင်း

ဒီအရွယ်ဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အများကြီး ပြောင်းလဲနေတဲ့အတွက် ကျောင်းမှာ စိတ်ခုစရာ နည်းနည်းလေးတွေ့တာနဲ့ စိတ်မကြည်ပဲ အိမ်အထိပါလာတတ်တာမျိုးပါ။ ဒါကြောင့် သူလိုချိန်တိုင်း၊ စကားပြောတိုင်ပင်စရာရှိတိုင်း အဆင်သင့်ရှိနေပေးပြီး ဖြေရှင်းသင့်တာ ဖြေရှင်းပေးပါ။ ဒီလိုနားထောင်ပေးတဲ့အချိန်မှာလည်း သူတို့ကို အပြစ်မတင်မိစေဖို့နဲ့ အတတ်နိုင်ဆုံးသူတို့ဘက်က ခံစားပေးပြီး အကြံဥာဏ်ပေးတာမျိုး လုပ်ပေးပါ။ ဒီအချက်ဟာ နောက်ပိုင်း မိဘနဲ့ ဆယ်ကျော်သက်ဆက်ဆံရေးမှာ အရေးကြီးဆုံးဖြစ်ပြီး ကိုယ့်ကို ယုံကြည်သွားပြီဆိုရင်တော့ နောက်ပိုင်း ဘာကိစ္စဖြစ်ဖြစ်ကိုယ့်ကိုပဲ ဦးဆုံးလာတိုင်ပင်မှာပါ။ ပြီးတော့ ကျောင်းစာတွေနဲ့ အမြဲဖိအားပေးနေတာမျိုးမလုပ်ပဲ တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ကနေ ၄၅မိနစ်လောက် သူတို့ ဝါသနာပါတာတွေလုပ်ဖို့၊ တစ်ယောက်ထဲအနားပေးတာမျိုး အချိန်ပေးပါ။ ဒါမှ သူတို့လေးတွေ စိတ်အနားယူနိုင်ပြီး ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေကို ထိန်းကျောင်းသွားနိုင်မှာပါ။

(၆) လိင်ပိုင်းဆိုင်ရာ ပညာပေး

ဒီဘက်ခေတ်သင်ရိုးမှာတော့ လိင်ပိုင်းဆိုင်ရာ ပညာပေးသင်ရိုးထည့်သွင်းလာတယ်လို့ ကြားမိပါရဲ့။ ဒါပေမယ့် လိုသော်ရှိ ပိုသော်ရှိ ကြီးကောင်ဝင်လာတဲ့ ဒီအရွယ်အတွက် လိင်ပိုင်းဆိုင်ရာ ပညာပေးဖို့က မမေ့သင့်တဲ့ အချက်ပါပဲ။ ဒီလိုသင်ကြားပေးခြင်းဟာ သူတို့အတွက် ရှက်စရာကိစ္စဖြစ်နေနိုင်ပေမယ့် အတတ်နိုင်ဆုံး သင်ကြားပေးရမှာ မိဘတို့တာဝန်ပါ။ Child Abuser တွေရန်ကကင်းဝေးနိုင်အောင် လက်ခံသင့်တဲ့ Body Language က ဘယ်လို၊ လက်မခံသင့်ဘဲ Body Language၊ ဒီလို Body Language မျိုးဆို အမျိုးထဲကပဲဖြစ်ပါစေ ယုံကြည်ရတဲ့ သူကို ချက်ချင်းအကူညီတောင်းသင့်တယ် စသဖြင့် သင်ကြားပေးပါ။ ဒါမှ အကယ်၍ ဒီလိုကိစ္စမျိုးကြုံလာရင်လည်း ယုံကြည်မှုရှိရှိနဲ့ ဖြေရှင်းနိုင်မှာပါ။

*ဆယ်ကျော်သက်တို့ လှပစွာဖူးပွင့်နိုင်ကြပါစေ။*

Leave a Reply