အရမ်းချစ်ပေမယ့် အတူမသုံးသင့်တဲ့ပစ္စည်းများ

အရမ်းချစ်ပေမယ့် အတူမသုံးသင့်တဲ့ပစ္စည်းများ

0

တစ်ခါတစ်လေမှာ ကိုယ်မထင်မှတ်ထားတဲ့ကိစ္စတွေက ကျန်းမာရေးရှုထောင့်ဘက်က ကြည့်ရင် အတော်လေးကို လွဲချော်နေတတ်ပါတယ်။ ဥပမာဆိုရင် ချစ်သူနှစ်ယောက် နားကျပ်တစ်ခုတည်းနဲ့ တစ်ယောက်ကို တစ်ဖက်တပ်ပြီး သီချင်းနားထောင်တာဟာ Romantic ဆန်တယ်လို့ ထင်ရပေမယ့် ကျန်းမာရေးအမြင်အရ လုံးဝမသင့်တော်ပါဘူးနော်။ ဒါကြောင့် ဘယ်လောက်ချစ်ချစ် အတူမျှမသုံးသင့်တဲ့ပစ္စည်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဘီး

မိသားစုမှာပဲဖြစ်စေ၊ သူငယ်ချင်းအချင်းချင်းပဲဖြစ်စေ ဘီးကို သီးသန့်မခွဲထားဘဲ အတူသုံးတတ်ကြပါတယ်။ ဒါပေမယ့် ဘီးမှတစ်ဆင့် ယားနာ၊ သန်း၊ ဘက်တီးရီးယားပိုးတွေကိုပါ ကူးစက်စေနိုင်တာကြောင့် ကိုယ်ပိုင်ဘီးထားပြီး အမြဲလိုလိုသန့်ရှင်းဆေးကြောပေးပါ။

(၂) သွားပွတ်တံ

သုတေသီတွေရဲ့ စစ်တမ်းအရ စုံတွဲတော်တော်များများဟာ သွားပွတ်တံတစ်ချောင်းတည်းနဲ့အတူ တိုက်ခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ မသိကြပါဘူး။ ဒါ့အပြင် တစ်ဝက်ကျော်လောက်က (၁) နှစ်ကျော်အောင် အတူမျှသုံးခဲ့ကြပါတယ်တဲ့။ တကယ်တော့ ဒီအဖြစ်ဟာ ကူးစက်ရောဂါတွေကို ပြန့်ပွားစေလို့ ကျန်းမာရေးဘက်က ကြည့်ရင် လုံးဝကို မသင့်တော်ပါဘူး။

(၃) ဆပ်ပြာ၊ မျက်နှာသုတ်ပုဝါ

ကူးစက်ရောဂါကို ဖြစ်ပွားစေတဲ့ ပိုးမွှားတွေဟာ ဆပ်ပြာတို့၊ မျက်နှာသုတ်ပုဝါတို့လို စိုစွတ်တဲ့နေရာမျိုးမှာ နာရီအတော်ကြာ၊ နောက်ဆုံး လတွေအထိ ရှင်သန်နိုင်ပါတယ်။ ဒါကြောင့် သူများကို မျှဝေသုံးစွဲခိုင်းရင်းနဲ့ ရောဂါတွေကိုပါ အဆစ်သယ်လာတဲ့အဖြစ်မျိုးတွေကို အဖြစ်မခံပါနဲ့။

(၄) လက်သည်းညှပ်၊ နားကျပ်တံ

ဒီလိုပစ္စည်းသေးသေးလေးတွေကို အတူသုံးလိုက်တာက ဘာမှမပြောပလောက်တဲ့ကိစ္စလို့ ထင်ကြပေမယ့် သူတို့ကနေတစ်ဆင့် မမြင်နိုင်တဲ့ပိုးမွှားတွေနဲ့ ကူးစက်ရောဂါတွေကို ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် သူများဟာကို ယူမသုံးသင့်သလို ကိုယ့်ပစ္စည်းကိုလည်း သေချာဂရုတစိုက်နဲ့ အမြဲသန့်ရှင်းသင့်ပါတယ်။

(၅) နှုတ်ခမ်းနီ

သူငယ်ချင်းအချင်းချင်း နှုတ်ခမ်းနီတောင်းဆိုးလိုက်တာဟာ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် နှုတ်ခမ်းနီမှာ ဗိုင်းရပ်စ်ပေါင်းများစွာဟာ ရှိနေနိုင်ပါတယ်။ ဒီတော့ နှုတ်ခမ်းနီမျှဆိုးလိုက်တာဟာ ပိုးမွှားတွေကို မျှယူလိုက်တာနဲ့ အတူတူပါပဲ။

(၆) အိမ်တွင်းစီးဖိနပ်များ

ဖိနပ်စီးလိုက်တာနဲ့ တစ်ပြိုင်နက် ချွေး၊ ခြေဆီတို့ဟာ စထွက်လာပါတယ်။ ပြီးတော့ အပြင်က ဘက်တီးရီးယားပိုးမွှားတွေ ပါလာတတ်လို့ ခြေထောက်ကို သေချာဆေးကြောသန့်စင်သင့်ပါတယ်။ တကယ်လို့ အဝတ်ပိတ်စနဲ့ ချုပ်ထားတဲ့ဖိနပ်တွေ ဖြစ်မယ်ဆိုရင် (၆) လတစ်ကြိမ် လဲလှယ်ပေးတာ အကောင်းဆုံးဖြစ်ပြီး နေလှန်းပေးသင့်ပါတယ်။

ကဲ… ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ဒီကိစ္စလေးတွေကို အရေးကြီးလှပါတယ်။ ဒါကြောင့် ဒီပစ္စည်းတွေကို မျှဝေသုံးရင်း ရောဂါပိုးမွှားတွေ ကူးယူနေဦးမှာလား? အခုသိသွားပြီဆိုတော့ သေချာဂရုစိုက်လိုက်တော့နော်။

Leave a Reply