ပိုတော်ချင်ရင် ပိုကြိုးစားပါ

ပိုတော်ချင်ရင် ပိုကြိုးစားပါ

0

လောကမှ လူတိုင်းကတော့ အားလုံးထက်ပိုပြီး ပိုတော်ချင်၊ ပိုအောင်မြင်ချင်ကြပါတယ်။ တကယ်တမ်း ပိုတော်ဖို့ ပိုအောင်မြင်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စပါ။ လွယ်ကူအောင်လုပ်ဖို့ ဆိုတာ ရှိရင်းအစွဲတွေကို ချွတ်နိုင်မှရပါမယ်။ သူများအလုပ်လုပ်ချိန်မှာ အိပ်နေလား၊ သူများအလုပ်ကို နှစ်ဆလုပ်နေချိန်မှာ ကိုယ်ဟာပုံမှန်ပဲလုပ်နေဖြစ်လား ဒါတွေကို သုံးသပ်ရပါမယ်။

ဒီနေ့ခေတ်မှာ ပုံမှန်လောက်ပဲသွားနေရင်တော့ ပုံမှန်အခြေအနေကနေ ဘယ်လိုမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အပြိုင်အဆိုင်များတဲ့ခေတ်မှာ နောက်ကျကျန်နေခဲ့မယ်ဆိုရင် ဒုံရင်းကဒုံရင်းဖြစ်နေပါလိမ့်မယ်။ အခုအခြေအနေက အကောင်းဆုံးအချိန်ဖြစ်လို့ ရုန်းထွက်ဖို့မှီပါသေးတယ်။ ဒီတော့ဘယ်လိုရုန်းထွက်ကြမလဲ၊ ဘယ်လိုပိုတော်အောင်ကြိုးစားမလဲ အတူတူစဉ်းစားကြည့်မယ်။

တွန်းအား (Motivate)

လုံးဝကို လိုအပ်ပါတယ်။ တွန်းအားမရှိနေရင်တော့ ပိုကြိုးစားဖို့တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့တွန်းအားကို ဘယ်လိုရမလဲ စဉ်းစားစရာပဲ။ တခြားတစ်ခုဆီကနေရနိုင်သလို၊ ကိုယ်တိုင်အကြောင်းတစ်ခုခုကို ရည်မှန်းထားရင်လည်း ဖြစ်နိုင်ပါတယ်။ သူများတွေ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကား၊ အကောင်းစားအသုံးအဆောင်ပစ္စည်းတွေ အသုံးပြုနေချိန်မှာ ကိုယ်လည်းနိုင်သလောက် အသုံးပြုဖို့ တွေးလိုက်မယ်ဆိုရင် တွန်းအားရရှိစေမှာပါ။ တချို့လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ အားကစား၊ အနုပညာရှင်၊ နောက်ဆုံးကိုယ်ချစ်နေတဲ့သူတစ်ယောက်ယောက်ကို တစ်ခုခုလုပ်ပေးဖို့ ဆန္ဒရှိနေတာကနေလည်း ရနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ဆိုတော့ ဖိအားကို တွန်းအားအဖြစ် အသုံးချလိုက်ရင်လည်း ပိုတောင်အဆင်ပြေပါဦးမယ်။

စိတ်အားထက်သန်မှု (Inspire)

ဒါကတော့ တွန်းအားတစ်ခုရသွားပြီဆိုတာနဲ့ ဖြစ်လာမယ့် ခံစားချက်ပါ။ တွန်းအားရှိနေလို့ကတော့ စိတ်အားထက်သန်နေမှာဖြစ်ပြီး ဘာလုပ်လုပ်သင့်စိတ်ထဲမှာကို ပျော်နေရပါလိမ့်မယ်။ ဘာအတားအဆီးပဲရှိနေနေ မကြောက်မရွံနဲ့ ရှေ့ဆက်နိုင်ပါလိမ့်မယ်။ စိတ်အားထက်သန်နေပြီဆိုရင်တော့ ဘာလုပ်လုပ်ကို ကျေနပ်နေမိပါလိမ့်မယ်။ အဝတ်အစားဝတ်တာ၊ အပြင်သွားတာ၊ စကားပြောတာ၊ ကုန်ကုန်ပြောရမယ်ဆို မှန်ကြည့်ပြီး ခေါင်းဖြီးလိုက်တာကအစ သင့်စိတ်ထဲမှာ ကြည့်ကောင်းနေပြီဆိုရင်တော့ သင့်စိတ်ထဲ အရမ်းကို Inspire ဖြစ်နေလို့ ယူဆနိုင်ပါတယ်။ ဒီစိတ်ကိုအပျောက်မခံပါနဲ့တော့။ မရမကကို ဖမ်းဆုပ်ထားပါ။

ရည်မှန်းချက် (Goal)

အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ ရည်မှန်းချက်မရှိနေဘူးဆိုရင်တော့ Motive ကော၊ Inspire ကောဖြစ်လာတော့မှာမဟုတ်ပါဘူး။ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ဆိုတာကလည်း ဒီနှစ်ခုမရှိလို့မရသလို ဒီနှစ်ခုရှိဖို့ကလည်း ရည်မှန်းချက်ရှိနေရပါမယ်။ အပြန်အလှန်အဆက်စပ် ရှိနေတာကြောင့် ရည်မှန်းချက်ကို ကြီးသထက်ကြီးအောင်ထားလိုက်ပါ။ ရည်မှန်းချက်ကြီးလေ ပိုလုပ်ချင်လေ၊ ပိုအောင်မြင်လေဖြစ်မှာပါ။ ရည်မှန်းချက်ဆိုတာကလည်း ကိုယ်မပိုင်ဆိုင်ရသေးတဲ့ဟာတစ်ခုခုကို ပိုင်ဆိုင်ရဖို့ ကြိုးစားချင်စိတ်တစ်ခုဖြစ်လို့ သူများ iPhone X ကိုင်လို့ ကိုယ်လည်းကိုင်နိုင်အောင် ကြိုးစားတာလည်း ရည်မှန်းချက်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်ဆိုင်ချင်တဲ့အရာတစ်ခုက ကိုယ့်ဘဝအတွက် ဘယ်လိုကြောင့်ဖြစ်ဖြစ် အသုံးဝင်နေမယ့်အရာအတွက်ကိုပဲ ကြိုးစားစေချင်ပါတယ်။ ကျွန်တော်ဆိုရင်တော့ တစ်လဝင်ငွေ ၁၀ သိန်းရှိလို့ iPhone ကိုင်မှာထက်စာရင် ၃ သိန်းတန်ဖုန်းတစ်လုံးလောက်ပဲ ကိုင်ပြီး နောက်ထပ် ၇ သိန်းကို တခြားတစ်ခုခုအတွက်ပဲ အသုံးချဖြစ်မှာပါ။ ဘာဖြစ်ဖြစ်ရည်မှန်းချက်နဲ့ ကြိုးစာရင်တော့ ပိုအောင်မြင်လာမှာပါ။

ဒီအချက်တွေဖြစ်ဖို့ကတော့ သင်အများကြီးပြောင်းလဲဖို့ မလိုပါဘူး။ အစမှာတော့ ခက်ခဲကောင်းခက်ခဲနေပါလိမ့်မယ်။ ပြောင်းလဲရင်းကမှ အဆင်ပြေသွားမှာပါ။ အိပ်ချိန်ကို လျော့မယ်၊ ဂိမ်းဆော့ချိန်တွေကို လျော့မယ်၊ လေလွင့်နေတဲ့အချိန်တွေကို လျော့လိုက်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ Relax လုပ်တာကို မဆိုလိုပေမယ့် Relax လုပ်တာလား အချိန်ဖြုန်းနေတာလားဆိုတာကတော့ သင်ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။ ကျွန်တော်တို့တွေကတော့ Relax ဆိုတာထက် အချိန်ဖြုန်းနေမိတာကို သတိမထားမိတတ်ကြတာများပါတယ်။

*ဒီအချက်တွေကတော့ ကျွန်တော်ကြားနေကျ ဆုံးမစကားတွေထဲမှ ကောက်နုတ်ထားခြင်းဖြစ်သည်*

Leave a Reply