အရှင်ကေတုမာလာ(မွန်ဆရာတော်)၏ ထေရုပတ္တိ

အရှင်ကေတုမာလာ(မွန်ဆရာတော်)၏ ထေရုပတ္တိ

0

အရှင်ကေတုမာလာ(မွန်ဆရာတော်)ကို ခမည်းတော်ဦးတင်ရွှေနှင့် မယ်တော်ဒေါ်စိန်အောင်တို့မှ ကမာကေကျေးရွာ၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)၊ မွန်ပြည်နယ်တွင် ၁၃၃၅ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက်၊ တနင်္လာနေ့တွင် မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၅ ယောက်အနက်မှ စတုတ္ထမြောက် ရှားရှားပါးပါးသားလှရတနာဖြစ်ပါတယ်။

ဆရာတော်က လောကီပညာကို အထိုက်အလျောက် လေ့လာဆည်းပူးပြီးနောက် အသက် ၂၂ နှစ်အရွယ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဒိုင်းဝန်းကွင်းရပ်ကွက်၊ ဒီပါရုံကျောင်းတွင် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူကာ သာသနာ့တာဝန်များကို စတင်ထမ်းဆောင်တော်မှုခဲ့ပါတယ်။ ဆရာတော်က ဒဂုံတက္ကသိုလ်ကနေ B.A( မနုဿဗေဒ) ဖြင့် ဘွဲ့ရခဲ့ပြီး နိုင်ငံတော်အစိုးရသာသနာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပတဲ့ ဓမ္မာစရိယတန်းဆိုင်ရာစာမေးပွဲကို အလိုတော်ပြည့်(ရန်ကုန်) ဓမ္မာစရိယတက္ကသိုလ်မှ ဖြေဆိုအောင်မြင်ခဲ့ပါတယ်။

လောကီဘွဲ့၊ လောကုတ္တရာဘွဲ့တော်တို့ကို အသီးသီးရရှိတော်မူခဲ့ရာမှ စာပေများကို ဆက်လက်လေ့လာတော်မူခဲ့ရာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ်မှ M.A (Buddhist Studies – ဗုဒ္ဓစာပေဆိုင်ရာလေ့လာခြင်း) ဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ဖြေဆိုအောင်မြင်ခဲ့ပြန်ပါတယ်။ ယခုအခါမှာတော့ အိန္ဒိယနိုင်ငံ၊ နာဂပူမြို့တက္ကသိုလ်တွင် ဒေါက်တာဘွဲ့ကို ရရှိဖို့ ဗုဒ္ဓစာပေအဘိဓမ္မာအထူးပြုဖြင့် Ph.D(Thesis) ဗုဒ္ဓစာပေးများကို လေ့လာဆည်းပူးလျက်ရှိနေပါတယ်။

ဆရာတော်က ယခုအရှေ့ဒဂုံမြို့နယ်၊ ၁၅၅ ရပ်ကွက်၊ စစ်ပင်လမ်းနှင့် ဦးရွှေမောင်လမ်းထောင့်မှာ တည်ရှိတဲ့ ဒဂုံပရိယတ္တိစာသင်တိုက်မှာ ကျောင်းတိုင်ဆရာတော်အဖြစ် သီတင်းသုံးလျက်ရှိပါတယ်။ ဆရာတော်က ယခင်မရမ်းကုန်းကျောင်းမှာ ပြည့်ပြည့်စုံစုံနဲ့ နေခဲ့ရပေမယ့် ဒီလိုလူသူမနီးကွင်းပြောင်ကြီထဲ လာပြီးကျောင်းဆောင်နေတယ်ဆိုတာ ရည်ရွယ်ချက်တစ်ခုကြောင့်ပါ။ ဆရာတော်ရဲ့ ရည်ရွယ်ချက်က “ရွက်ကျပင်ပေါက်” ဖြစ်ချင်တယ်ဆိုပြီး ဒီလိုလူသူမနီးထဲ ကွင်းပြောင်ကြီးမှာ ၂ ဧကစာမြေနေရာကို ဝယ်ယူပြီး ကျောင်းဆောက် ကိုရင်ငယ်လေးတွေကို စာဝါပြန်ချပေးပြီး ပညာသင်ပေးနေတာပါ။

ဒီလိုလျှပ်စစ်မီးရဖို့ဝေးစွ လူသူအရောက်ပေါက်နည်းတဲ့နေရာဖြစ်လို့ ဓာတ်တိုင်တောင်မရှိတဲ့နေရာမှာ ဆွမ်းကွမ်းကိစ္စတွေအတွက်ကို အဆင်ပြေသလိုပဲ ကျောင်းဝိုင်းထဲမှာ သီးပင်စားပင်စိုက်၊ ရပ်ကွက်ထဲကို ဆွမ်းခံကြွပြီး ဖြေရှင်းနေတာဖြစ်ပါတယ်။ ၁၅၅ ရပ်ကွက်ဆိုတာကလည်း သာမာန်အခြေခံလူတန်းစားတွေပဲရှိတာဖြစ်လို့ ဆွမ်းအတွက်တော့ ပြည့်စုံပေမယ့် ဆွမ်းဟင်းအတွက်တော့ အဆင်မပြေပြန်ပါဘူး။ ဒီတော့ ကျောင်းဝိုင်းထဲက အသီးအနှံတွေခူး တစ်ခါတစ်လေလည်း ဟင်းပေါင်း၊ တစ်ခါတစ်လေလည်း ပြုတ်ကြော်အဖြစ် ဖြည့်တင်းနေတာဖြစ်ပါတယ်။

ဒါအပြင် ကိုရင် ၂၅ ပါးကို ပရိယတ္တိစာပေ သင်ကြားပို့ချပေးနေတာဖြစ်လို့ လိုအပ်တဲ့ စာအုပ်၊ ခဲတံ ကိုရင်လေးတွေ နေရေးထိုင်ရေး၊ ကျန်းမာရေးကအစ တရားဟောလို့ရတဲ့ ဝတ္တူငွေတွေနဲ့ ဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။ တရားပွဲဆိုတာကလည်း အမြဲတမ်းဟောနေရတာမဟုတ်တဲ့အတွက် အမြဲတမ်းတော့ ကျောင်းရဲ့လိုအပ်ချက်တွေက မပြည့်စုံနေပါဘူး။ ဆိုပေမယ့်လည်း အားမလျော့ပဲ ဆရာထက် တပည့်လက်ဆောင်းထက်ရမယ်လို့ မာန်သွင်းပြီး ကိုရင်တွေကိုတော့ လိုလေသွေမရှိအောင် ပျော်အောင်ထားတာကိုလည်း ကြည်ညိုဖွယ်တွေ့မြင်ခဲ့ရပါတယ်။ ကျောင်းဆောက်ထားတာ ၂ နှစ်ကျော်ကျော်ပဲရှိသေးတယ်ဆိုပေမယ့် ခမ်းနားထည်ဝါအောင် ကြိုးစားထားနိုင်တဲ့ ဆရာတော်ရဲ့ စိတ်ဓာတ်ကိုတော့ မကြည်ညိုပဲမနေနိုင်လောက်အောင်ပါပဲ။

ဆရာတော်ဟာ တစ်ဖက်မှာ ကိုရင်လေးတွေကို စာဝါချပေးနေသလို၊ ကိုယ်တိုင်လည်း Ph.D ဘွဲ့အတွက်ကို ကြိုးစားရုန်းကန်နေတာဖြစ်ပါတယ်။ ဒီလိုမပြည့်စုံတဲ့ ကျောင်းလေးကို ခမ်းခမ်းနားနားဖြစ်အောင် Sola မီး၊ မိုးတွင်းဆိုလည်း မီးစက်၊ ရေအတွက်လည်းမပူရအောင် ရေတွင်းတူးပြီး ဖြည့်ဆည်းထားတာကြောင့် ထည်ထည်ဝါဝါဖြစ်နေပါတယ်။ ဒါယိကာ၊ ဒါယိကာမတွေကိုတော့ ဆရာတော်ဟာ သူ့ကိုယ်တိုင်သာသနာကြီး ဆက်လက်အဒွန့်ရှည် တည့်တံအောင် တာဝန်ကျေပွန်အောင်လုပ်ဆောင်နေလို့ တဖက်ကလည်း ပြန်ပြီးတာဝန်ကျေပေးဖို့တော့ ဆန္ဒရှိနေပါတယ်။ အလှူရှင်များအနေဖြင့်လည်း လှူဒါန်းဖို့ ဆန္ဒရှိခဲ့မယ်ဆိုရင် ဒဂုံပရိယတ္တိစာသင်တိုက်ကို သွားရောက်လှူဒါန်းဖို့ တိုက်တွန်းချင်ပါတယ်။

Leave a Reply