တပေါင်းလရဲ့ သဲပုံစေတီပွဲ

တပေါင်းလရဲ့ သဲပုံစေတီပွဲ

0

“တပေါင်းလ သဲပုံစေတီပွဲ” ဆိုတာငယ်ငယ်လေးကတည်းက သင်ခဲ့ရတဲ့ကဗျာစာသားလေးပါ။ တပေါင်းလဆိုတာ နွေရာသီတစ်ဝက် ဆောင်းရာသီတစ်ဝက်နဲ့ အတော်လေးနေရထိုင်ရခက်တဲ့လပါ။ နေ့ပူလို့ ညချမ်း တပေါင်းလဆန်း ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ တပေါင်းလကို မြန်မာမှုအရ မိန်ရာသီဟုခေါ်၍ စန်းပြည့်နက္ခတ်မှာ ဥတ္တရဘရဂုဏ္ဏိနက္ခတ်ဖြစ်ပါတယ်။ ရာသီပန်းအဖြစ် သရဖီပန်းများပွင်လန်းကြပါတယ်။ အထင်ကရပွဲကတော့ အပေါ်ကကဗျာစာသားလေးအတိုင်း သဲပုံစေတီပွဲက ထင်ရှားပါတယ်။

သဲပုံစေတီပွဲမှာ နှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က ပေါ်ပေါက်ခဲ့တယ်လို့ မှတ်သားရသည်။ မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မှုခိုက် ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သူစံမြန်းရာ ကပိလဝတ်နေပြည်တော်ကို ဘုရားရှင်အဖူးမြော်ခံကြွရောက်တော်မူရန် ကာဠုဒါယီအမတ်ကြီးကို ပင့်လျှောက်ရန်စေလွှတ်ခဲ့ပါတယ်။ ကာဠုဒါယီအမတ်ကြီးက ဘုရားရှင်းထံလျှောက်ထားသည့်နေ့မှာ တပေါင်းလပြည့်နေဖြစ်ပါတယ်။

ကပိလဝတ်ပြည်သို့ ကြွရောက်ရမည့် လမ်းခရီးသည် တပေါင်းလရာသီဖြစ်တာကြောင့် သာယာကြည်နူးဖွယ်ကောင်းပုံကိုပါ ထည့်သွင်းလျှောက်ထားခဲ့ပါတယ်။ လျှောက်ထားချက်အပြည့်အစုံကိုတော့ ရဟန်းစာဆိုတော်ရှင်အုန်းညိုက အများပြည်သူအလွယ်မှတ်နိုင်ရန် ဂါထာ ၆၀ ပျို့အဖြစ်ရေသားစပ်ဆိုခဲ့သည်။

“သာသည်ညှင်းညှင်း၊ မြောက်လေကြွင်းနှင့်၊ ဆီးနှင်းမကုန်၊

ပူဟုန်မသည်း၊ ပျံ့ပျံ့ပြည်သား၊ တိမ်မည်းမဆိုင်၊

မြည်အိုင်ရိုက်ကြူး၊ မင်းလွင်မြူးသား၊ နွေဦးသရစ်၊

အခါဖြစ်၍” ဟုလည်းကောင်း

“မင်းလမ်းမတွင်၊ အေးမြပျံ့ပျံ့၊ ပန်းအနံ့တိ၊

မလွံမခန်း၊ တောထက်ဝန်းတုံ၊ ငုံသွန်းရွှေသား၊

စကားထင်းရှူး၊ ဆိတ်ဖလူးနှင့်၊ ကွမ်းဖူးကံ့ကော်၊

စွယ်တော်ပရဝါ၊ ယင်းမာဖက်ဆွတ်၊ ရင်ခတ်သရဖီ၊

ဘတ္ထရီမြစ်ကိုင်း၊ ရွှေနိုင်းပိတောက်၊ လဲနှင့်ပေါက်လည်း၊

တောက်သည်မီးရောင်၊ ပြောင်ပြောင်ညီးညီး၊ ပန်းတောင်ကြီးသို့” စသည့်ဖြင့် ရေးဖွဲ့ခဲ့လေသည်။

တပေါင်းလသည် သာယာမှုအပေါင်းနှင့် ခညောင်းနေသာလဖြစ်သည်။ ကြည်နူးနှစ်သက်စရာကောင်းသော မြင်ကွင်း၊ ရှုခင်းများက မနောဖြူသော ဗုဒ္ဓဘာသာဝင်တို့အား သာသနာတော်တွင် သဒ္ဓါကြည်ညိုစိတ် ယိုဖိတ်လာအောင်စွမ်းနိုင်ခဲ့ပါတယ်။ ကုသိုလ်ပြုလိုစိတ်များ လှုံ့ဆော်လာတာကြောင့် နေခြည်အောက်ဝယ် တဖိတ်ဖိတ်တောက်ပနေသော သဲသောင်ခုံများပေါ်မှာ သဲပုံစေတီများ တည်ထားကိုးကွယ်ခြင်းပြုခဲ့ပါတယ်။

ပုဂံခေတ်အနော်ရထာမင်းက ပုဂံမြို့အနီး ဧရာဝတီမြစ်ကမ်းသဲခုံတွင် စွယ်တော်မြတ်ကို ဌာပနာ၍ စေတီတော်ကြီးတစ်ဆူကို တည်ထားကိုးကွယ်ခဲ့ပါတယ်။ ရွှေစည်းခုံစေတီဟု ဘွဲ့တော်သတ်မှတ်ခဲ့ရာ ယနေ့ထက်တိုင် အထင်အရှားရှိနေပါတယ်။ သဲပုံစေတီတည်ထားကိုးကွယ်ခြင်းအမှုက ပုဂံခေတ်အခါကရှိနေကြောင်း ထင်ရှားပါတယ်။ သဲပုံစေတီတည်ထားကိုးကွယ်ခြင်းက ဗုဒ္ဓခေတ်မတိုင်ခင် ရှေးလွန်လေပြီးသော ကမ္ဘာတစ်သိန်းကာလကပင်ရှိခဲ့တယ်လို့ လေ့လာမှတ်သားခဲ့ဖူးပါတယ်။ သဲပုံစေတီတည်ထားကိုးကွယ်ခြင်းက မြတ်စွာဘုရားဂုဏ်တော်အာရုံနိမိတ်ကိုယူပြီး ကြည်လင်သန့်စင်သောစိတ်ကိုဖြစ်စေသည်လို့ ဆိုကြပါတယ်။

ယနေ့ခေတ်မှာတော့ သဲပုံစေတီပွဲကျင်းပခြင်းအလေ့အထမှာ တဖြည်းဖြည်းကွယ်ပျောက်နေခဲ့ပြီး သဲသောင်ပြင်ရှိတဲ့နေရာတော်တော်များများမှာသာ ကျင်းပကျတော့တာဖြစ်ပါတယ်။ မွန်ပြည်နယ်က ကမ်းခြေတစ်ချို့၊ ရခိုင်ပြည်နယ် စစ်တွေက ကမ်းခြေတစ်ချို့မှာသာ နှစ်စဉ်ကျင်းပတာကို တွေ့ရပါတယ်။ ဒီလိုပဲသန်လျင် မြို့မဈေးအနီးက သဲပုံစေတီနှစ်ကျိတ်ရှစ်ဆူဓမ္မာရုံမှာ တည်ထားကိုးကွယ်နေတဲ့ စေတီဟာလည်း ဟိုးယခင်ယခင်မှာ သဲပုံစေတီအဖြစ်တည်ထားကိုးကွယ်ခဲ့ကြတာဖြစ်ပြီး ခေတ်တွေပြောင်းလဲလာတဲ့နောက်မှာတော့ ပြုပြင်မွမ်းမံမှုတွေကြောင့် သဲပုံစေတီကကွယ်ပျောက်သွားခဲ့ပြီဖြစ်ပါတယ်။ သဲပုံစေတီကွယ်ပျောက်သွားပြီဖြစ်တာကြောင့်လည်း တပေါင်းလမှာ ကျင်းပတဲ့ သဲပုံစေတီပွဲကို မကျင်းပဖြစ်တော့ပဲ နှစ်ကျိတ်ရှစ်ဆူဘုရားတွေ စံမြန်းရာ  ဓမ္မာရုံဖြစ်လို့ သီတင်းကျွတ်မှာ နှစ်ကျိတ်ရှစ်ဆူ ဘုရားပွဲကိုသာ ကျင်းပဖြစ်ခဲ့တာကြာပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီနှစ်ကျိတ်ရှစ်ဆူဓမ္မာရုံ ပရဝုဒ်က ဟိုးယခင်လွတ်လပ်ရေးမရခင်က ဗိုလ်ချုပ်အောင်ဆန်း ဟောပြောပွဲလုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ဒီဝန်းကြီးမှာ နေအိမ်တွေ ဆိုင်တွေတည်ဆောက်ခဲ့လို့ စေတီကြီးကိုတော့ နယ်မြေသက်သက်ကန့်ပြီး ဓမ္မာရုံကြီးတည်ဆောက်ပြီး ခြံရံလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွှေးကောက်ပွဲကာလ မဲဆွယ်လို့ သန်လျင်ဘက်ရောက်ခဲ့ရင် ဒီစေတီကို အမြဲလာရောက်ဖူးမျှော်လေ့ရှိတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

Leave a Reply