လူငယ်တွေကြားက နာမည်ကြီး Supreme အကြောင်း

လူငယ်တွေကြားက နာမည်ကြီး Supreme အကြောင်း

0

Supreme ဆိုတာ Skateboard Culture နဲ့ Streetwear Culture မှာ ထိန်းမနိုင်သိမ်းမနိုင်နာမည်ကြီးနေတဲ့ Brand တစ်ခုပါ။ ၁၉၉၄ ခုနှစ်မှာ စတင်ထိုးဖောက်ခဲ့တဲ့ ဒီ Brand က အခုဆို Hip Hop လောကသာမက Punk နဲ့ Rock လောကက လူငယ်ယဉ်ကျေးမှုတွေကို စိုးမိုးနိုင်ခဲ့ပါပြီ။ Supreme ရဲ့ ထုတ်ကုန်တွေက ဝယ်လိုအားနဲ့ ရောင်းလိုအားက ဘယ်တော့မှာ မမျှပဲ Limited edition ဖြစ်လို့ အဟောင်းပြန်ရောင်းတဲ့ ဈေးကွက်မှာဆို မူရင်းဈေးထက် အဆပေါင်းများစွာ ပေးပြီးပြန်ဝယ်ယူရတဲ့အထိပါ။

Supreme က အင်္ကျီအဝတ်အစားတွေတင်ထုတ်တာမဟုတ်ပဲ လူ့အသုံးအဆောင်ပစ္စည်းတွေလည်း ထုတ်ပါတယ်။ Skateboards တွေလည်းထုတ်တာကြောင့် Skateboard ဝယ်ယူသူတွေအနေနဲ့ Collectibles အနေနဲ့ စုဆောင်းကျပါတယ်။ Supreme Logo နဲ့ စာလုံးကတော့ အမေရိကန်အနုပညာရှင် Barbara Kruger ရဲ့ Propaganda ကို မှီငြမ်းထားတာဖြစ်ပါတယ်။ Supreme ကိုတည်ထောင်ခဲ့တဲ့ အမေရိကန်လူမျိုး James Jebbia က အသက် ၁၉ နှစ်ထိ အင်္ဂလန်မှာ နေထိုင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ Manhattan မြို့ Lafayette လမ်းမှာ ပထမဆုံး Supreme အရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ သူ့ရဲ့ချမ်းသာကြွယ်ဝမှုက သန်း ၄၀ ကျော်နေခဲ့ပါပြီ။

Supreme ဆိုင်ကို Skaters တွေ ဆိုင်ထဲသက်တောင့်သက်သာဖြစ်စေဖို့ ဆိုင်အတွင်းထဲကို Skate စီးလို့ရအောင်လုပ်ထားပြီး ဆိုင်ပတ်ပတ်လည်မှာလည်း အင်္ကျီတွေထားပေးထားပါတယ်။ ဒါဟာသူ့ရဲ့ Target Customer ကို ကောင်းကောင်းသိပြီး အလေးထားတယ်ဆိုတဲ့သဘောပါ။ Supreme ဆိုင်တွေက Los Angeles, Paris, London, Tokyo, Nagoya, Osaka, Fukuoka တို့မှာ ဖွင့်လှစ်ထားပြီး Lafayette မှာရှိတဲ့ ဆိုင်အပြင်အဆင်အတိုင်းပဲ ဖွင့်လှစ်ထားပါတယ်။ Supreme က တခြားနာမည်ကြီး Brand တော်တော်များများနဲ့လည်း Collaboration လုပ်ပြီး ထုတ်လုပ်ရာမှာ နာမည်ကြီးပါတယ်။ Louis Vuittoon နဲ့ Collab လုပ်ပြီး Fashion Show တောင်ပြသခဲ့ပါသေးတယ်။

Supreme ကို ဘာကြောင့် ဒီလောက်လူကြိုက်များနာမည်ကြီးနေလဲမေးရင် Limited edition ကြောင့်လို့ပဲပြောရပါမယ်။ Supreme က ဒီဇိုင်းတစ်ခုကို အထည် ၁၀၀ ဆို ၁၀၀ ပဲထုတ်တာကြောင့် လူငယ်တွေကြားမှာရှိတဲ့ Culture တစ်ခုကို အဓိကထားပုံရတယ်။ လူငယ်တွေက ဒီဇိုင်းတစ်ခုကို မိမိအပြင် ကမ္ဘာပေါ်မှာရှိတဲ့ သန်းပေါင်းများစွာထဲက နောက်ထပ် ၉၉ ယောက်မှာသာရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားချင်တာကြောင့် အလုအယက်ဝယ်ယူဖို့ကြိုးစားရပါတယ်။ သူတို့နိုင်ငံရဲ့ လူမျိုးကြီးစိတ်ဓာတ်ရှိသူတွေပီပီ ရောင်းချမယ့်နေ့ မတိုင်ခင်ကတည်းက ကြိုရောက်နေရပြီး တန်းစီစောင့်နေရပါတယ်။ အထည် ၁၀၀ ကို လူ ၁၀၀ ပြည့်အောင် တန်းစီပြီး ဝယ်ယူရတယ်ဆိုပေမယ့် နောက်ထပ်တန်းစီးနေသူတွေကလည်း Supreme ရဲ့ ထုတ်ကုန်တွေထဲက ကုန်ကုန်ပြောရရင် အတွင်းခံလေးပဲရရ ဝယ်ယူဖို့ စောင့်နေသူတွေဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ Supreme ပစ္စည်းအသစ်တွေကို ဆိုင် ၁၁ ဆိုင်လုံးမှာ ဖြန့်လိုက်တိုင်း လူရာပေါင်းများစွာ ကျောင်းတွေဖျက်၊ အလုပ်တွေဖျက်ပြီး အရင်ရောက်အောင်တန်းစီပြီး ဝယ်ယူရပါတယ်။ ဒါမှလည်း သူများထက်ဦးအောင် Limited edition ကို ကိုယ်က ဦးအောင်ဝယ်နိုင်မှာပါ။ တည်ထောင်သူ James က သူ့ကုန်ပစ္စည်းတွေကို Limited လို့ တံဆိပ်မကပ်ထားပေမယ့်လည်း အကန့်အသတ်နဲ့ ထုတ်တဲ့ ဒီပစ္စည်းတွေကို သူများထက်ဦးအောင် ရနိုင်ဖို့က လူငယ်တွေကြားက ယဉ်ကျေးမှုတစ်ခုပါ။ ဘာကြောင့်အများကြီးမထုတ်ရလည်းဆိုရင် ပေါပေါသီသီဝယ်လို့ရနေရင် နောက်ဆုံဘယ်သူမှမဝယ်ချင်တော့မှာစိုးတာကြောင့်လို့ James က ရှင်းပြပါတယ်။ Supreme ရဲ့ ထုတ်ကုန်တွေက မြန်မာငွေနဲ့ဆို ငါးသောင်းလောက်ပဲ ရှိပေမယ့် ဒါကသူများထက်ကိုယ်ဦးအောင် ဝယ်နိုင်မှရနိုင်မယ့် ဈေးနှုန်းပါ။ ဟိုးအရင်ထုတ်ခဲ့တဲ့ ပစ္စည်းတွေဆိုရင် အဟောင်းဈေးကွက်မှာ သိန်း ၂၀ တန်တဲ့ ပစ္စည်းတွေတောင်ရှိနေပါတယ်။ ဒါကြောင့် ဒီနိုင်ငံမှာ သောင်းကျော်လောက်နဲ့ ဝယ်ယူလို့ရနေတဲ့ Supreme တွေက ဘယ်လိုမှအစစ်မဖြစ်နိုင်ပါဘူး။

Leave a Reply