ကျွန်တော်တို့ ဘယ်အချိန်မှာ နားရမှာလဲ?

ကျွန်တော်တို့ ဘယ်အချိန်မှာ နားရမှာလဲ?

0

ကျွန်တော်တို့ ဘယ်အချိန်မှာ အနားရမလဲလို့ စဉ်းစားဘူးကြရဲ့လား? ကျွန်တော်တို့မွေးစကနေ အသက်ငါးနှစ်လောက်ထိပဲရှိမယ်ထင်တယ်။ ဒါကလည်းသေချာစဉ်းစားကြည့်မယ်ဆိုရင် ဘာမှစမလုပ်ရသေးတဲ့အတွက် အနားရနေတယ်လို့ဆိုနိုင်ပြန်ပါဘူး။

တကယ်တော့ ဘဝအတွက်စတင်ခဲ့ရတာကတော့ အသက် ၅ နှစ်မှာပါ။ ဒီထက်ပိုပြီးတော်စေတတ်စေချင်တဲ့ မိဘတွေကတော့ သုံးလေးနှစ်လောက်ကတည်းက မူကြိုကျောင်းကို ပို့နေပါပြီ။ ဆိုတော့ကျွန်တော်တို့တွေအတွက် အသက်ငါးနှစ်ကနေစပြီး မအားတော့ဘူးပဲဆိုပါစို့။ သူငယ်တန်းကနေလေးတန်းလောက်ထိကတော့ မူလတန်းအဆင့်ဖြစ်တာကြောင့် စာတွေကို ပုံမှန်ကျက်မှတ်ပြီး စာမေးပွဲတွေမှာ ဖြေဆိုခဲ့ရင်တောင် အောင်အောင်မြင်မြင်နဲ့ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ပါလိမ့်မယ်။ အတန်းပိုင်ဆရာမကလည်း ဘာသာစုံတစ်ယောက်တည်းသင်ကြားရတာမို့ပါ။

သို့သော်လည်း မူလတန်းအဆင့်မို့ စာတွေကနည်းသေးလို့ အားနေ၊ နားနေရတယ်မထင်ပါနဲ့။ ကျောင်းပိတ်ရက်သုံးလမှာ ယဉ်ကျေးမှုသင်တန်း၊ တခြားဘာဘာညာညာသင်တန်းတွေကို ကလေးတွေက တက်ကြရပါသေးတယ်။ တစ်ချို့ယဉ်ကျေးမှုသင်တန်းဆိုရင် နွေရာသီမှမဟုတ်ပဲ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှဖွင့်တာဖြစ်လို့ ကျောင်းပိတ်ရက်လည်း မနားရပါဘူး။ ကျောင်းတက်ရက်တွေကိုလည်း ကျူရှင်ဆိုတဲ့ အချိန်ပိုသင်တန်းကို ကျောင်းကဆရာမဆီသော်လည်းကောင်း၊ တခြားရပ်ကွက်ထဲကဆရာမဆီသော်လည်းကောင်း ကျောင်းဆင်းပြီးတက်ရတာကရှိပါသေးတယ်။

ဒီလိုနဲ့ကျွန်တော်တို့ တက်လာခဲ့လိုက်ရတာ အလယ်တန်းရောက်လာပြီဆိုပါစို့။ အလယ်တန်းရောက်တော့ မူလတန်းထက် စာတွေပိုများလာပြီ။ ဆိုတော့ နွေရာသီကတည်းက ကျူရှင်ကြိုတတ်ပြီး တော်ဖို့တက်ဖို့ ကြိုးစားရပါပြီ။ ပိုက်ဆံမတတ်နိုင်တဲ့မိဘ၊ ပုံမှန်လောက်လေးအောင်ရင်ကျေနပ်တဲ့မိဘတွေသာ ကျူရှင်ကြိုမထားရင်မထားပဲနေလိမ့်မယ်။ ပိုက်ဆံတတ်နိုင်တဲ့မိဘကတော့ ပညာရေးမနိမ့်ကျဖို့ တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးပေးပါလိမ့်မယ်။ ကျောင်းတွေဖွင့်လို့တက်ရပြီဆိုရင်လည်း ပိတ်ရက်တွေမှာမနားရပါဘူး။ ကျောင်းတက်ရ၊ ကျူရှင်ပြေးတတ်ရ၊ ကျူရှင်ကပေးတဲ့အိမ်စာ၊ ကျောင်းကပေးတဲ့အိမ်စာတွေ အလျင်မှီအောင်ကျက်ရမှတ်ရ မဟုတ်ရင်အတန်းထဲမှာ အဆင့်က ဘိတ်ချေးဖြစ်နေပါလိမ့်မယ်။

အထက်တန်းရောက်လာပြီဗျာ။ မူလတန်း၊ အလယ်တန်းထက် စာတွေပိုလာ၊ များလာပြီ။ ကျူရှင်၊ ကျောင်း၊ အိမ်၊ စဉ်ဆက်မပြတ်သွားနေရပါပြီ။ စာတွေကျက်လိုက်ရတာဆိုတာကလည်း ခေါင်းတွေမီးတောက်မတက်ပဲ။ ဒီကြားထဲလူပျို၊ အပျိုဝင်ခါစမို့ လှဖို့ပဖို့ကိစ္စတွေကလည်း နည်းနည်းလုပ်ရသေးတယ်။ အိပ်ချိန်တောင် မကောင်းတတ်လို့ ထားရသလိုကို ဒီနေ့ခေတ်မှာ ကြိုးစားကြရပါတယ်။ ဒါမှတက္ကသိုလ်ဆိုတာကြီးကို ဝင်နိုင်မှာလေ။ မိမိဝါသနာပါတဲ့ တက္ကသိုလ်တက်နိုင်ဖို့ကလည်း အမှတ်ကမှီရဦးမယ်မလား။

ကဲ…ကျောင်းတွေပြီးတော့ရော အနားရသွားပြီလား။ နိုးပါ လုပ်ငန်းခွင်ဝင်ရပါပြီ။ မိဘကိုတစ်ကြိမ်ပြန်လုပ်ကျွေးနိုင်ဖို့ မိမိဘဝအတွက် ကြိုးစားရပြန်ပါတယ်။ အိမ်ထောင်ပြုကလေးတွေဘာတွေရ ကလေးတွေအတွက် ကျောင်းစရိတ်၊ တခြားအသုံးစရိတ်တွေရှာနေရပြီ။ နားချိန်၊ အားချိန်ဆိုတာ အသက် ၅ နှစ်လောက်ကစပြီး သေချာမရှိခဲ့တော့တာပါ။ ဆိုတော့ဘယ်အချိန်မှာ ကျွန်တော်တို့တွေနားရမှာလဲ။ ဘယ်အချိန်မှာ အားမှာလဲ။ သေဆုံးချိန်မှလား။ အသက်မသေခင်ရော နားဖို့၊ အားဖို့ အခွင့်မရှိတော့ဘူးလား။ ဒါကိုတော့ ဘယ်သူမှမစဉ်းစားမိကြပါဘူး။

Leave a Reply