သုညဘဝမှ ထိပ်ဆုံးသို့တတ်လှမ်းနိုင်ခဲ့သူ Oprah Winfrey

သုညဘဝမှ ထိပ်ဆုံးသို့တတ်လှမ်းနိုင်ခဲ့သူ Oprah Winfrey

0

ဝင်ငွေသိပ်မကောင်းလှတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်က သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ သမီးလေးက အစပိုင်းမှာတော့ ပျော်ရွှင်ခဲ့ရပေမယ့်  နောက်ပိုင်းမှာတော့ ကံကြမ္မာက သူမကို ရက်စက်ခဲ့ပါတယ်။

သူမရဲ့အသက် (၉) နှစ်အရွယ်မှာ သူမရဲ့ အစ်ကိုဝမ်းကွဲ၊ ဦးလေးနဲ့ အမေ့သူငယ်ချင်းတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရပါတယ်။ ငယ်ရွယ်လွန်းတဲ့သူမအတွက်တော့ ဒီအဖြစ်ကြီးက တကယ်ကို အိပ်မက်ဆိုးပါပဲ။

ဒါ့အပြင် အသက် (၁၄) နှစ်အရွယ်မှာ သူမဟာ ကိုယ်ဝန်ရှိပြီးတော့ ယောက်ျားလေး မွေးခဲ့ပေမယ့် မွေးပြီး ရက်အနည်းငယ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ သူမအတွက်တော့ ၀မ်းနည်းကြေကွဲဖို့ ကောင်းလှပါတယ်။

နောက်တော့ သူမရဲ့အဖေနဲ့အတူ Vermon,Tennessee ပြည်နယ်ဆီ ပြောင်းခဲ့ပါတယ်။ သူမရဲ့အဖေက သူမကို အစစအရာရာ ဖေးမကူညီခဲ့ပါတယ်။ သူမကလည်း ခက်ခဲကြမ်းတမ်းတဲ့ လောကဓံကို အရှုံးမပေးခဲ့ဘဲ ရင်ဆိုင်ကြိုးစားခဲ့ပါတယ်။ သူမရဲ့ကြိုးစားမှုတွေက အလကားမဖြစ်ခဲ့ပါဘူး။

သူမက Tennessee State University မှာ Communication Major နဲ့ စကောလားရှစ်ရရှိခဲ့ပါတယ်။ အထက်တန်းကျောင်းနဲ့ ကောလိပ်နှစ်နှစ်တက်ပြီးနောက် သူမဟာ ရေဒီယိုရုံမှာ အလုပ်ဝင်ခဲ့ပြီး သူမ၀ါသနာပါတဲ့ Media ပိုင်းကိုသူမရဲ့ အသက်မွေးဝမ်းကျောင်းပညာအဖြစ် ရွေးချယ်ခဲ့ပါတယ်။

သူမဟာ ပြည်တွင်းရုပ်မြင်သံကြားရုံမှာ သတင်းကြေညာသူအဖြစ် အလုပ်ခန့်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူမကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပြန်ပါဘူး။ ထုတ်လုပ်သူက သူမဟာ ရုပ်မြင်သံကြားနဲ့ မလိုက်ဖက်ဘူး၊ မသင့်တော်ဘူးလို့ ယူဆပြီး အလုပ်ဖြုတ်ခဲ့ပါတယ်။

ဒါပေမယ့် သူမကလည်း အလျော့မပေးခဲ့ပါဘူး။

Baltimore မှာရှိတဲ့အခြားရုံမှာ အလုပ်ဝင်လျှောက်ပြန်ပါတယ်။ နောက်ဆုံးမှာသူမက “People are Talking” လို့အမည်ရှိတဲ့ Talk Show တစ်ခုမှာ အစီအစဉ်မှူးအဖြစ် အလုပ်ရခဲ့ပါတယ်။

သူမရဲ့ကြိုးစားမှုက အရာထင်ခဲ့ပါပြီ။ အဲ့ဒီ Show က လူတွေအကြားမှာ ပေါက်ခဲ့ပြီးတော့ အဲ့ဒီရုံမှာပဲ (၈) နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။

နောက်တော့ Chicago ရုပ်မြင်သံကြားရုံးတစ်ခုကနေ သူမကိုယ်တိုင်တင်ဆက်ရမယ့် Morning Show မှာ သူမကို အခမ်းအနားမှူးအဖြစ် ကမ်းလှမ်းခဲ့ပါတယ်။ သူမရဲ့ နွေးထွေးပြီး ပွင့်လင်းတဲ့ စိတ်ထားနဲ့ စတိုင်တွေကြောင့် သူမShow က သူမရဲ့ ပြိုင်ဘက် Phil Donahue ထက်ကိုတောင် ကြည့်ရှုသူပေါင်းအယောက် (၁၀၀၀၀၀) ပိုများပြီး ကြည့်ရှုသူ Rating နောက်ဆုံးနေရာကနေ ပထမနေရာကို ရရှိခဲ့ပါတယ်။

သူမရဲ့ အောင်မြင်မှုက တိုင်းပြည်အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။ သူမဟာ “The Color Purple” ဆိုတဲ့ရုပ်ရှင်မှာ သရုပ်ဆောင်ခွင့်ရခဲ့ပြီး အကောင်းဆုံးဇာတ်ပို့မင်းသမီးအဖြစ် အကယ်ဒမီဆုပေးပွဲမှာ ဆန်ကာတင်အဆင့်အထိ လျာထားခြင်းခံခဲ့ရပါတယ်။

အဲ့လိုသုညဘ၀ကနေ အကောင်းဆုံးကြိုးစားခဲ့ပြီး အောင်မြင်မှုကို ရအောင်ယူနိုင်ခဲ့တဲ့ သူမရဲ့ နာမည်ကတော့ Oprah Winfrey ဖြစ်ပါတယ်။

Oprah Winfrey ရဲ့ကိုယ်ပိုင် Show ဖြစ်တဲ့ “The Oprah Winfrey Show” က အရမ်းကို အောင်မြင်ရေပန်းစားခဲ့ပြီး Season (၂၅) ပိုင်းကိုအောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ တစ်နှစ်တည်းမှာပဲ သူမရဲ့ကိုယ်ပိုင် TV Network ဖြစ်တဲ့ The Oprah Winfrey Network ကို စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။ Oprah Winfrey ဟာလှူဒါန်းမှုတွေ အများကြီးပြုလုပ်ခဲ့ပြီးတော့ (၂၀) ရာစုနှစ်အတွင်း အချမ်းသာဆုံးအာဖရိက၊ အမေရိကန်အမျိုးသမီးအဖြစ်တောင် သတ်မှတ်ခံခဲ့ရပါတယ်။

သူမဟာစော်ကားမှုတွေ၊ ရှုံ့ချမှုတွေနဲ့ ဝေဖန်ခံရမှုတွေ အများကြီးခံစားခဲ့ရပါတယ်။ သူမဘ၀က အသက်ရှင်ဖို့တောင် မလွယ်ကူဘဲ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် သူမကလုံးဝအရှုံမပေးဘဲ ဘ၀ကို အောက်ဆုံးအဆင့်ကနေ ထိပ်ဆုံးအထိရောက်အောင် ကြိုးစားရုန်းကန်ခဲ့တာကြောင့် Oprah Winfrey ဟာ အခုဆိုရင် ပရဟိတသမား၊ ရုပ်မြင်သံကြားထုတ်လုပ်သူ၊ အစီအစဉ်တင်ဆက်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ မင်းသမီးအဖြစ် အောင်မြင်စွာ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။

Oprah Winfrey ရဲ့ Quote တွေအများကြီးထဲကမှ လူသိများတဲ့ Quote အချို့ကို ဖော်ပြပေးချင်ပါတယ်။

*အခက်အခဲမရှိရင် တိုးတက်မှုလည်း ရှိမှာမဟုတ်ဘူး။

*မင်းက သမုဒ္ဒရာကြီးလည်း ဖြစ်နိုင်တယ် သမုဒ္ဒရာကြီးပေါ်က ရေပွက်ငယ်လေးလည်း ဖြစ်နိုင်တယ်။

*ကိုယ့်ကိုကိုယ် ဘုရင်မတစ်ပါးလို့ ခံယူထားပါ။ ဘုရင်မဆိုတာမျိုးက ရှုံးနိမ့်မှာကို မကြောက်ဘူး။ တကယ်တော့ ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုရဖို့အတွက် ခြေလှမ်းတစ်လှမ်းပါ။

*နာကျင်မှုတွေဆီကနေ ပညာယူတတ်ပါစေ။

*မင်းကို မြင့်မားအောင် မြှင့်တင်ပေးနိုင်တဲ့သူတွေကိုပဲ မင်းရဲ့ဘေးနားမှာ ထားပါ။

သူ့ရဲ့ Quote တွေက နာကျင်မှုတွေကို အားအင်အဖြစ်ပြောင်းလဲပြီး အောင်မြင်အောင် ကြိုးစားဖို့ကို အဓိက တွန်းအားပေးထားတာပါ။ Digital Rockstar ပရိတ်သတ်ကြီးလည်း ခက်ခဲမှုတွေကြုံရတိုင်း စိတ်ဓာတ်မကျဘဲ နှစ်ဆကြိုးစားပြီး အောင်မြင်မှုကို ရအောင်ယူနိုင်ကြပါစေနော်။

Leave a Reply