ဘုရား၊ သိမ်၊ ကျောင်း၊ ရဟန်းဒါယိကာမ ဒေါ်သောင်းရင်

ဘုရား၊ သိမ်၊ ကျောင်း၊ ရဟန်းဒါယိကာမ ဒေါ်သောင်းရင်

0

ကျွန်တော်တို့တွေက ဒီခေတ်အနေအထားနဲ့ဆို လူသက်တမ်းတစ်ဝက်လောက်ကို ဖြတ်သန်းလာခဲ့ကြပြီးပါပြီ။ ကျွန်တော်တို့တွေ လွန်ရောကျွံရောနေရ အသက် ၅၀ ပေါ့။ ဒါပေမယ့်လည်း ဒီထက်ပိုအသက်ရှည်ဖို့ဆိုတာ အသက်ဥာဏ်စောင့်လို့ပဲပြောရမှာပေါ့။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူအဆင့်အတန်းအလျောက်နေပုံထိုင်ပုံတွေ၊ အစားအသောက်တွေ စတဲ့အရာတွေကရော ကျွန်တော်တို့ကို ဘယ်လောက်ထိ အကျိုးရှိစေပြီး ဘယ်လောက်ထိအောင် ထိခိုက်ပြီးပြီဆိုတာကိုလည်း ပြန်တွေးကြည့်လို့ရပါတယ်။ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ သက်တမ်းမှာလည်း အတွေ့အကြုံတွေရခဲ့ကြပြီးပါပြီ

ဒီလိုပဲကျွန်တော်တို့ထက် အသက်များစွာကွာဟနေတဲ့ အဘိုး၊ အဘွားတွေမှာဆိုရင်တော့ အတွေ့အကြုံ့တွေ၊ ဘဝဖြတ်သန်းပုံတွေက ပိုပြီးစုံလင်နေပါပြီ။ ဆိုတော့ကျွန်တော်အနီးပတ်ဝန်းကျင်မှာရှိတဲ့ အဘိုး၊ အဘွားတွေထဲကမှာ အသက် ၁၀၀ ပြည့်နေပြီဖြစ်တဲ့ အဘွားဒေါ်သောင်းရင်ကို ဘဝအတွေ့အကြုံတွေနဲ့ နေထိုင်မှုပုံစံတွေကို အနည်းငယ်စပ်စုခဲ့တာလေးတွေကို ပြောပြပေးချင်ပါတယ်။

အဘွားဒေါ်သောင်းရင်က သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်၊ အာဇာနည်လမ်းမှာ နေထိုင်ပြီး ၁၂ ရက်နေ့က အသက် ၁၀၀ ပြည့်မွေးနေ့ပွဲကို အောင်တော်မူပြည်လုံးချမ်းသာဆုတောင်းပြည့်စေတီ၊ နန္ဒဝိဇ္ဇာမိုးကုတ်ဝိပဿနာကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ အဘွားက မွေးနေ့အလှူအဖြစ် စာသင်တိုက်မှာ သံဃာတော်အရှင်သူမြတ် အပါး (၁၂၀)တို့အား ဆွမ်းလောင်းလှူခြင်း၊ ပင့်သံဃာတော်အရှင်သူမြတ် (၂၅)ပါးတို့အား “အရုဏ်ဆွမ်း” ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ကြွရောက်လာတဲ့ ဧည့်သည်တော်တွေကိုလည်း ကျွေးမွေးဧည့်ခံခဲ့ပါသေးတယ်။ ကျွန်တော်တို့ Digital Rockstar အဖွဲ့သားတွေ စပ်စုကြည့်ရသလောက်တော့ အဘွားက အရမ်းကို ကျန်းမာပြီး သဘောကောင်းတာကို တွေ့ရပါတယ်။

ဒီလောက်အသက်ကြီးနေတော့ ဘာမှလုပ်မရတော့ တရားပဲအားထုတ်တယ်လို့ ဆိုပါတယ်။ အဘွားက ဘာသာတရားကိုင်းရှိုင်းသူပီပီ တစ်နေ့ကို နှစ်နာရီခြားတစ်ခါ ဘုရားရှိခိုးပုတီးစိတ်အမြဲလုပ်လေ့ရှိပါတယ်။ အဘွားက သူ့ရဲ့အမျိုးသားကို သတိရတိုင်းဘုရားရှိခိုးဖြစ်ကြောင်းကိုလည်း ဝမ်းနည်းစွာပြောပြပါသေးတယ်။ အဘွားက ဘာကြောင့်ဒီလောက်ကျန်းမာနေသလဲဆိုတော့ ဘုရားတရားလုပ်တာကြောင့်ရယ်၊ ကိုယ်လက်လှုပ်ရှားမှုရှိတာတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။ အမေကြီး သူအဝတ်ကို သူကိုယ်တိုင်လျော်ပြီး၊ ဘုရားရေကျမ်းသောက်တော်ရေကိုလည်း ကိုယ်တိုင်လဲတတ်သူပါ။ တစ်ခုခုယူစရာရှိတဲ့အခါမှတောင် အိမ်ပေါ်ကို ကိုယ်တိုင်တတ်ယူပြီး မြေးတွေ၊ သားသမီးတွေကို မခိုင်းပါဘူး။ ညနေပိုင်းမှာလည်း အိမ်အနီးအနားမှာ လမ်းလျောက်တတ်ပါတယ်။

ငယ်ဘဝက တောမှာအလုပ်သွားလုပ်တုန်းက သူပုန်ထဲမှာ ၃ ခါ ၄ ခါ မိခဲ့ပေမယ့် အသက်ဘေးက ခဏခဏလွတ်မြောက်ခဲ့သူပါ။ ဒီလိုခဏခဏသေဘေးကလွတ်ခဲ့တာကြောင့် တရားရပြီး သာသနပြုလုပ်ငန်းတွေကို စတင်ပါတော့တယ်။ နေအိမ်ကိုရောင်းပြီး အောင်တော်မှုပြည်လုံးချမ်းသာဆုတောင်းပြည့်စေတီကိုတည်ခဲ့ပါတယ်။ ကျောင်းဆောက်၊ သိမ်ဆောက်၊ ရဟန်းခံအပြင် က္ကတ္ထိမသားလေးတွေကိုလည်း ရှင်ပြုပေးချင်သေးတယ်လို့ ဆိုပါတယ်။ အဘွားကတော့ အနန္တော အနန္တငါးပါးကို ဘယ်တော့မှ မမေ့ဖို့ ဆုံးမပါတယ်။ အဘွားဒေါ်သောင်းရင်း အသက် ၁၀၀ ပြည့်မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင် သာသနာ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း Digital Rockstar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Leave a Reply