ချစ်ဇနီးအပေါ် နားလည်မှုတွေပိုပါစေ

ချစ်ဇနီးအပေါ် နားလည်မှုတွေပိုပါစေ

0

အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ချစ်ဇနီးရဲ့ ဆူပူဗျစ်တောက်သံတွေကြောင့်စိတ်ပျက်ငြီးငွေ့ခြင်းနဲ့ အထီးကျန်မှုကို ခံစားနေကြရမှာ ဧကန်မလွဲပါပဲ။ အလုပ်ကပင်ပန်းလာချိန်ဇနီးမယားရဲ့ပြုစုယုယမှုထက် နားမခံနိုင်တဲ့ ဗျစ်တောက်ဗျစ်တောက်စကားသံကြောင့် ပိုစိတ်ရှုပ်ရတာအခါခါပေါ့။

ဒီလိုတွေကြောင့် စိတ်ရှုပ်လာချိန် သည်းမခံနိုင်ဘဲ ပြန်ပြောမိတဲ့စကားတွေက၂ ယောက်ကြားအဖုအထစ်တွေနဲ့အတူ အိမ်ထောင်ရေးသာယာမှုကိုလည်း ထိခိုက်စေပါတယ်။ ဒါဆိုပြဿနာကိုဘယ်လိုအဖြေရှာ ဖြေရှင်းမလဲ…

(၁) နားလည်မှုတွေနဲ့ လက်တွဲတွေ မြဲပါစေ။

ဇနီးမယားဖြစ်သူမှာလည်း အိမ်ထောင့်တာဝန်တွေ၊ လူမှုရေးနဲ့ အခြားသော အရေးအရာတွေကြောင့် စိတ်ဖိစီးမှုတွေ ရှိနေတတ်ပါတယ်။ မိန်းမအများစုဟာ စိတ်ဖိစီးမှုခံစားလာရလျှင် တဗျစ်တောက်တောက် ပြောဆိုရင်း သူတို့စိတ်ကိုဖြေလျော့လေ့ရှိပါတယ်။ ကိုယ့်ဇနီးဖြစ်သူ ပွစိပွစိ ပြောနေရင်တော့ သူ့မှာ စိတ်ပင်ပန်းစရာတွေရှိနေပြီဆိုတာကို သင်သိလိုက်ပါ။ ဒီလိုဖြစ်နေတဲ့အခါမျိုးမှာ သူ့စိတ်သက်သာစေမယ့် စကားမျိုး၊ အပြုအမူမျိုးကို ပြောဆိုပေးခြင်းဖြင့် သူ့ကိုနှစ်သိမ့်ပေးတာက တွဲလက်တွေကိုပိုမိုခိုင်မြဲစေပါတယ်။

(၂) ဖေးမစောင့်ရှောက်ပေးပါ။

ငါကအပြင်ထွက်စီးပွားရှာနေရတာ ပင်ပန်းတယ်၊ မင်းကိုပဲ ဂရုစိုက်နေရမှာလား ( ဒီလို ပြောဖို့တွေးနေမိရင် ၊ပြောနေမိရင် ခုချက်ချင်း အတွေးတွေကို ပြောင်းလိုက်ပါ) ဇနီးသည်မှာလည်း အကြောင်းအရာပေါင်းများစွာကြောင့် ပင်ပန်းတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလုပ်ပြန်ရောက်ချိန်မျိုး (ဒါမှမဟုတ်) အလုပ်ပိတ်ရက်မျိုးမှာ ချစ်ဇနီးရဲ့ အိမ်အလုပ်တွေကို နိုင်သလောက်လေး ကူညီပေးတာမျိုး၊ သူ့စိတ်ပင်ပန်းစရာတွေကို မေးမြန်းရင်း အခက်အခဲတွေကို တိုင်ပင်ဆွေးနွေးတာမျိုးတွေ ပြုလုပ်ကြည့်ပါ။ ဖေးမခြင်းကနေ အချစ်တွေပိုပိုတိုးလာမှာပါ။

(၃) အသေးအဖွဲလေးတွေကနေ အချစ်တွေပိုတိုးလာပါစေ။

မိန်းမဆိုတာမျိုးက ဘယ်လောက်ပဲ အသက်အရွယ်ကြီးသွားပါစေ၊ ဘယ်လောက်ပဲ မနူးညံ့ဘူးလို့ဆိုနေပါစေ ကိုယ့်ချစ်သူ၊ ယောက်ျားရဲ့ ဂရုစိုက်မှုကို လိုချင်ကြသူတွေကြီးပါ။ အမှတ်တရနေ့လိုမျိုးဖြစ်ဖြစ်၊ အမှတ်တမဲ့ကြုံလို့ပဲဖြစ်ဖြစ် လက်ဆောင်လေးတွေ စီစဉ်ပေးတာမျိုး၊ တခါတရံ သူသွားချင်တဲ့နေရာလေးတွေကို မှတ်ထားပြီး လိုက်ပို့ပေးတာမျိုးက ကိုယ့်ဇနီးကို အကြီးအကျယ် Heart ထိစေမှာနော်။ အဲ့လို ငွေကုန်ကြေးကျများတာတွေမလုပ်ချင်ရင်တောင် သူ့အိမ်အလုပ်လေးတွေ ကူညီပေးမယ်။ တပတ်တခါ အလုပ်ပိတ်ရက်လေးမှာ သူ့အတွက်ချက်ပြုတ်ပေးတာမျိုး၊ အတူတူ ချက်ပြုတ်ကြတာမျိုးတွေက ချစ်ဇနီးရဲ့အချစ်တွေကို အပီသိမ်းပိုက်နိုင်မယ့် အရာတွေပေါ့။

(၄) ဇနီးသည်ရဲ့ ပြောင်းလဲလာတဲ့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာကိုလက်ခံနိုင်ပါစေ။

အသက်အရွယ်ပြောင်းလဲလာတာနဲ့အမျှ မိန်းမတွေဟာ ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာမှာပါ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ကြောင့်ရော အိမ်ထောင်တာဝန်တွေကြောင့်ပါ အားငယ်စိတ်တွေဖြစ်လာကြပြီး စိတ်ပိုင်းဆိုင်ရာအလိုမကျခြင်းတွေ ရှိလာတတ်ပါတယ်။ ဒီလိုအပြောင်းအလဲတွေကို ကိုယ်တိုင်ကလည်း လက်ခံနားလည်ပြီး ဖေးမပေးနိုင်မှသာ အဆင်ပြေသာယာနိုင်မှာပါ။

(၅) ကြင်နာယုယခြင်းတွေနဲ့ ရှေ့ဆက်ကြပါ။

အိမ်ထောင်သက်ကြာလာတာနဲ့အမျှ အချစ်တွေလျော့နည်းလာတာ ဓမ္မတာပါ။ သံယောဇဉ်နဲ့ ရှေ့ဆက်နေရချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ကြင်နာယုယပေးနိုင်မှာ တော်ကာကြမှာပါ။ ဘယ်လောက်ပဲ အလုပ်မှာ ပင်ပန်းလာပါစေ တတ်နိုင်သလောက် ကြင်ကြင်နာနာစကားလေးတစ်ခွန်းနှစ်ခွန်း၊ အမူအရာလေးတွေက သံယောဇဉ်တွေကို ပိုပိုတိုးလာစေပြီး အိမ်ထောင်ရေး သာယာလာစေမှာပါ။

ကဲ… ဒီအချက်တွေကို ဖတ်ကြည့်ရင်း ကိုယ့်အိမ်ထောင်ရေးကို ဆင်ခြင်သုံးသပ်ပြီး သာယာပျော်ရွင်ဖွယ် မိသားစုဘ၀လေးကို ဖန်တီးနိုင်ပါစေလို့ Digital Rockstar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Leave a Reply