သင်္ကြန်မှာ ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ?

သင်္ကြန်မှာ ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ?

0

နှစ်သစ်ကူး အတာသင်္ကြန်ကို ရောက်ခါနီးတာနဲ့ အများစုက သင်္ကြန်ရောက်ရင် ဘာလုပ်ရမလဲလို့ ကြိုပြီးစဉ်းစားထားတတ်ကြပါတယ်။ တစ်နှစ်မှာတစ်ခါသာ ကျင်းပလေ့ရှိတဲ့ မြန်မာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲဖို့ လက်ချိုးရေပြီး စောင့်မျှော်နေရတာလဲ ပျော်စရာကြီးပါ။ သင်္ကြန် အကြို၊ အကျ၊ အကျက်၊ အတက်၊ နှစ်ဆန်းတစ်ရက်နေ့တွေကို ဘယ်လိုဖြစ်သန်းမလဲ စဉ်းစားရင်း လူတိုင်းရင်ခုန်နေတဲ့သူတွေလည်း ရှိတာပေါ့။ Digital Rockstar ပရိတ်သတ်ကြီးရော ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ???

မဏ္ဍပ်ထိုင်မယ်

တစ်နှစ်ပြီးတစ်နှစ် ထူးထူးခြားခြား အပြင်အဆင် stage Design တွေနဲ့ နာမည်ကျော် ပြည်တွင်းပြည်ပမှ DJ တွေ နာမည်ကျော် အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ ပါဝင်ဆင်နွှဲချင်ရင်တော့ မဏ္ဍထိုင်ဖို့ စိတ်ကူးဟာ အကောင်းဆုံးပါပဲ။ ရေကစားလို့လည်းရမယ် အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေလည်းကြည့်လို့ရမယ် ( သို့ ) DJ တွေရဲ့ EDM music အလန်းစားတွေနဲ့ ခုန်ပေါက်သောင်းကျန်းလို့လည်း ရပါတယ်။ (မဏ္ဍထိုင်မယ့် စိတ်ကူးရှိရင် Ticket တွေကိုအခုကတည်းက ပြင်ဆင်ထားလိုက်ပါ)

ရေပတ်ခံ ထွက်မယ်

ရေပတ်ခံရတာကို ကြိုက်တဲ့ဘော်ဒါတွေအတွက် ကားနဲ့ရေပတ်ခံထွက်တာ အကောင်းဆုံးပါပဲ။ မဏ္ဍတိုင်း မဏ္ဍတိုင်းကို ကားနဲ့ပတ်ပြီး ရေပတ်ခံရတဲ့ Feel ကလည်းမိုက်ပါတယ်။ မဏ္ဍတွေမှာ အဆိုတော်တွေရဲ့ ဖျော်ဖြေမှုကိုကြည့်ရင်း စတုဒီသာ မဏ္ဍတွေမှာ မုန့်တွေဝင်စားရတာကလည်း ပျော်စရာပါပဲ။ နေပူပေမယ့် ပျော်ဖို့ကောင်းပါတယ်။ (ကားနဲ့ရေပတ်ခံထွက်မယ်ဆိုရင် စောစောစီးစီး ကားတွေကြိုငှားထားဖို့တော့လိုတာပေါ့)

ခရီး သွားမယ်

သင်္ကြန်ကို ငြီးငွေ့သွားလို့ တစ်နှစ်လုံးစိတ်ဖိစီးမှုတွေရခဲ့သမျှကို အားလပ်ရပ်လေးမှာ စိတ်လွတ်ကိုယ်လွတ် ဖွင့်ထုတ်ချင်ရင်တော့ လူဦးရေးထူထပ်တဲ့ မြို့ပြကို ကျောကိုင်းပြီး ခရီးထွက်တာကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့ ကမ်းခြေသွားတာ၊ မိသားစုနဲ့အတူ ဘုရားဖူးထွက်တာ ကိုယ်မရောက်ဘူးသေးတဲ့ နေရာသစ်တွေကို Trip လုပ်တာလည်း ကောင်းပါတယ်။ တခြားမြို့တွေမှာ သင်္ကြန်ကြရတာကလည်း မိုက်ပါတယ်။( သင်္ကြန်မှာခရီးသွားမယ်ဆို ကားလက်မှတ်တွေ ကြိုဖြတ်ထားမှ အဆင်ပြေမှာပါ)

သူငယ်ချင်းတွေစုပြီး အိမ်ရှေ့လေးမှာပဲ မဏ္ဍထိုးမယ်

လူအများကြီးနဲ့လည်း သင်္ကြန်မကျချင်ဘူး အရမ်းရင်းနှီးတဲ့ ဘော်ဒါတွေနဲ့ပဲ ပျော်ပျော်ပါးပါး သင်္ကြန်ကြချင်ရင်တော့ အိမ်ရှေ့မှာ မဏ္ဍလေးထိုးပြီး ကဲတာအကောင်းဆုံးပါပဲ။ သင်္ကြန်ဆိုတော့ အနည်းနဲ့ အများ သောက်သောက်စားစားလေးတွေလည်းရှိတော့ ကိုယ့်အပေါင်းသင်းတွေနဲ့ဆို ရန်ုဖြစ်မှာလည်း စိတ်မပူရပါဘူးပေါ့။ ကိုယ့်မဏ္ဍ ကိုယ့်ဘော်ဒါ ကိုယ်ပိုင်ရေနဲ့ဆိုတော့ ရေကုန်မှာလည်း စိတ်ပူစရာမလိုဘဲ အပျော်ကြီးပျော်လို့ရပါတယ်။

အိမ်မှာပဲ နေမယ်

မဏ္ဍလည်း မထိုင်ချင်ဘူး၊ ရေပတ်ခံလည်း မထွက်ချင်ဘူး၊ ခရီးလည်း မသွားချင်ဘူး၊ အိမ်မှာပဲနေမယ်ဆိုတဲ့ စိတ်ကူးလေးကလည်းကောင်းပါတယ်။ မိသားစုနဲ့အတူ အိမ်မှာပဲ မုန့်လုပ်စားစား၊ ဥပုတ်ပဲ စောင့်စောင့်၊ အိပ်ချင်လည်း အိပ်၊ ဒါမှမဟုတ် တစ်နိုင်ငံလုံးက ရေကစားမဏ္ဍတွေရဲ့ ဖျော်ဖြေမှုတွေကို TV Channel တွေကနေ အိမ်မှာထိုင်ပြီး အေးအေးဆေးဆေး ကြည့်လို့ရပါတယ်။ အိမ်ပြင်မထွက်တော့ ရေစိုမှာ၊ အသားတွေ နေလောင်မှာလည်း မပူရဘူးပေါ့။ (သင်္ကြန်ရေ စိုချင်ရင်တော့ ကိုယ့်ပါသာ ပြန်လောင်းပါ)

တရားစခန်း ဝင်မယ်

အပေါ်ကဟာတွေ ဘာတစ်ခုမှမလုပ်ချင်ဘူး အေးအေးချမ်းချမ်းနဲ့ ကုသိုလ်ယူချင်ရင်တော့ တရားစခန်းဝင်တာအကောင်းဆုံးပါပဲ။ မြန်မာနှစ်သစ်ကူးမှာ အချိန်တွေကို အကောင်းဆုံး အသုံးချချင်တယ်ဆိုရင် တရားစခန်းဝင်ပြီး ကုသိုလ်ယူလိုက်ပါ။ တရားဘဝနာတွေ ပွားများပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ရင်းနဲ့ နှစ်သစ်ကို ဖြတ်သန်းလိုက်ပါ။ (တရားစခန်းဝင်မယ် စိတ်ကူးထားရင် နာမည်ကြိုတင် စာရင်းသွင်းထားလိုက်ပါ)

ဒီနှစ် နှစ်သစ်ကူးအတာသင်္ကြန်မှာ ခိုက်ရန်ဖြစ်ပွားမှုမရှိဘဲ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ။

Leave a Reply