မောင့် မင်္ဂလာဆောင်…

မောင့် မင်္ဂလာဆောင်…

0

ကျွန်မမောင့်မင်္ဂလာပွဲသို့သွားမည်။ ကျွန်မကို ရက်ရက်စက်စက်ထားသွားခဲ့တဲ့ မောင့်မျက်နှာကို နောက်ဆုံးအနေနဲ့ တွေ့ချင်သေးသည်။ “မေပြုံးလိုက်ရင် သိပ်လှတာပဲ” မောင်အမြဲပြောတတ်တဲ့ စကားသံချိုချိုလေးကို ခုချိန်ထိကြားယောင်နေသေးသည်။ မောင်သည် လိုချင်တာကို မရရအောင်ယူတတ်သည့် လူစားမျိုးဖြစ်သည်။ ဇွဲလည်းကောင်းသည်။

ရန်ကုန်တက္ကသိုလ်တစ်ခုလုံးတွင် မာနကြီးလှတယ်လို့ သတင်းမွှေးလှတဲ့ ကျွန်မအချစ်ကို မရရအောင်ယူနိုင်ခဲ့၏။ မောင်သည် ကျွန်မတို့ကျောင်းကမဟုတ်ပါ။ သာမန်တက္ကသိုလ်တစ်ခုမှကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ သို့ပေမဲ့ ကျွန်မကို ပိုးပန်းစဉ်က ချောင်းပေါက်မတတ် အဓိပတိလမ်းကြီးဆီလာခဲ့တယ်။ မောင်က စာဖတ်တာလည်းဝါသနာပါတယ်။ စာရေးကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။

ချမ်းသာတဲ့ အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာခဲ့တဲ့မောင်က ဘ၀ကိုရိုးရှင်းအေးချမ်းစွာနေလိုသည်။ ကျွန်မအချစ်ကို မောင်သည် နည်းပရိယာယ်အမျိုးမျိုးနှင့် ရယူခဲ့သည်။ ကျွန်မမာနတွေ အချစ်တွေသည်လည်း မောင့်စကားသံချိုချိုလေးတွေအောက်မှာ ခ၀ါချအရည်ပျော်ခဲ့ရသည်။ မောင်နှင့် ကျွန်မချစ်သူဖြစ်ခဲ့တဲ့ နှစ်တွေမှာ တွေ့ဆုံမှုတိုင်းဟာ စာအုပ်ဆိုင်တွေနှင့် စာကြည့်တိုက်တွေမှာပဲ။

မှတ်မှတ်ရရ ကျွန်မတို့ချစ်သူဖြစ်ခဲ့တာ ဒုတိယနှစ်လောက်မှာ။ ထိုအချိန်ထဲက မောင်သည်အရက်သောက်တတ် နေပြီဖြစ်သည်။ ကျွန်မသာ တစ်နှစ်တစ်တန်းအောင်ပြီး ဘွဲ့ရခါးနီးပြီ သူကတော့ ဒုတိယနှစ်မှာ ယောင်ချာချာ။ ပညာရေးကိုမောင်အယုံအကြည်မရှိတော့။ သူယုံကြည်တဲ့ စာဖတ်ခြင်းနှင့် စာရေးခြင်းတွေမှာသာ အာရုံစိုက်နေချင်သည်။ ကျွန်မဆုံးမ၍လည်းမရ နောက်ဆုံးတော့လက်လျှော့လိုက်ရ၏။

နောက်ဆုံးကျွန်မ ဘွဲ့ရပြီးလုပ်ငန်းခွင်စ၀င်ချိန်မှာတောင် မောင်ကယောင်ချာချာ။ ကျွန်မသည် မောင့်ကိုအလုပ်နှင့်အကိုင်နှင့် အတည်တကျဖြစ်စေချင်သည်။ မောင့်ကိုလည်းအိမ်နှင့်ကြည်ဖြူစေချင်သည်။ မောင်ကတော့ငြင်းမြဲ။ နောက်ပိုင်းတွင်မောင်ပိုဆိုးလာခဲ့သည်။ ကျွန်မကိုတောင် မှန်မှန်လာမတွေ့နိုင်တော့။ မောင်ကောင်မလေးအသစ်ရနေပြီ။ ကျွန်မမောင့်အပေါ်စိတ်မဆိုးရက်ပါ။

သူကိုတွေ့ရင် ဆုံးမတတ်တဲ့ ကျွန်မကိုမောင်ဘယ်လိုနည်းနှင့်မှလိုချင်မည်မဟုတ်။ မောင်သည် စကားပြောလည်းကောင်း၏။ ရုပ်ရည်ကလည်းကြွေလောက်စရာ။ ထို့ကြောင့်ကျွန်မသိပ်ပြီးဝမ်းမနည်းခဲ့။ နောက်ပိုင်းကျွန်မဆီတောင် မောင်မဆက်သွယ်တော့။ အဲ့ကောင်မလေးနှင့် ပျင်းရင်ကျွန်မဆီပြန်လာမယ်ဆိုတဲ့ စိတ်နဲ့ကျွန်မမေ့မေ့လျော့လျော့နေခဲ့မိသည်။လွန်ခဲ့သော ရက်ပိုင်းလောက်က ကျွန်မဆီဖိတ်စာတစ်စောင်ရောက်လာသည်။

ဖိတ်စာက သတို့သားက မောင့်နာမည်။ ကျွန်မ၀မ်းနည်းစိတ်ကိုမဖုံးဖိနိုင်တော့။ မျက်ရည်မိုးများသွန်းဖြိုးလို့ကျခဲ့ပြီ။ မောင်နှင့်ကျွန်မဝေးသွားခဲ့ပြီ။ မောင့်အချစ်တွေအားလုံးကို ထိုမိန်းကလေးယူသွားပြီ။ မောင်ကျွန်မနှင့် သုံးနှစ်တာသံယောဇဉ်ကို မထောက်ထားခဲ့သည်ကိုတော့ ကျွန်မအံသြမိ၏။ သို့သော် ကျွန်မမောင့်မင်္ဂလာဆောင်သို့သွားမည်။ ကျွန်မမောင်ရဲ့ချစ်ရတဲ့ ချစ်ဇနီးလောင်းကို တွေ့ချင်သေးသည်။ မောင်တို့အိမ်ထောင်သာယာအောင် ကောင်းချီးမင်္ဂလာပေးချင်သေးသည်။ သို့သော် ဒီဘ၀တော့ မောင်ကိုမေ့ရတော့မည်မဟုတ်ပေ။

Leave a Reply