ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သည့် စာပေသူရဲကောင်း(သို့မဟုတ်) သိပ္ပံမောင်ဝ

ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သည့် စာပေသူရဲကောင်း(သို့မဟုတ်) သိပ္ပံမောင်ဝ

0

ခေတ်စမ်းစာပေလှုပ်ရှားမှုသည် မြန်မာစာပေသမိုင်းတွင် ထင်ရှားခဲ့ပေသည်။ လှုပ်ရှားမှုကို ဦးဆောင်ဆောင်ရွက်ခဲ့သူများမှာလည်း အခက်အခဲအမျိုးမျိုး၊ ဝေဖန်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရ၏။ သို့သော်လည်း ထိုသူတို့၏ ကြိုးပမ်းဆောင်ရွက်မူတွေကြောင့် မြန်မာစာပေယဉ်ကျေးမှု တိုးတက်ခဲ့သည်မှာ အမှန်ဖြစ်၏။  ခေတ်စမ်းစာပေလှုပ်ရှားမှုတွင် အထင်ရှားဆုံးစာရေးဆရာမှာ ဦးစိန်တင် ဖြစ်၏။ ကလောင်အမည် သိပ္ပံမောင်ဝဟု အမည်တွင်လေသည်။

မြန်မာစာပေယဉ်ကျေးမှု ဖြစ်တည်လာရာလမ်းကြောင်းကို တစ်ချက်ပြန်ကြည့်ရအောင်။ သမိုင်းအထောက်အထားများအရ မြန်မာစာပေယဉ်ကျေးမှုသည် ပုဂံခေတ်မှ စတင်ခဲ့သည်ဟု သိရ၏။ ထိုခေတ်က အရေးအသားစံနှုန်းနှင့် အက္ခရာများကို ပုဂံခေတ်ကျောက်စာများတွင် ယနေ့တိုင် တွေ့နိုင်ပေသေး၏။ “မြေစမ်းခရမ်းပျိုးဆိုသလို” မြန်မာစာပေစတင်ပေါက်ဖွား သန္ဓေတည်ရာ ကာလချိန်ခါမို့ စာလုံးပေါင်းသတ်ပုံ ရှေ့နောက်မညီမညွတ်မူများကို တွေ့ရပါပေသည်။ ထိုလိုအပ်ချက်များကို ဖယ်၍ကြည့်ပါက ပုဂံခေတ်စာပေသည် ပြည့်စုံကောင်းမွန်မှုရှိသည်မှာ အမှန်ပင်ဖြစ်၏။ ထိုနောက် ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်ဘောင်ခေတ်တစ်လျှောက်လုံးတွင် မြန်မာစာပေပညာရှင်များ၏ အစွမ်းကုန်ကြိုးပမ်းအားထုတ်မှုများကြောင့် မြန်မာစာပေသည် အဆင့်ဆင့်တိုးတက်ခဲ့ပေ၏။

နယ်ချဲ့လက်အောက် သူ့ကျွန်ဘ၀ရောက်ခဲ့သည့် ကိုလိုနီခေတ်တွင်တော့ မြန်မာစာပေတိုးတက်မှုမီးရှုးသည် ခဏတာ အရောင်မှိန်ခဲ့ရ၏။ သို့ပေမဲ့ (၁၉၄၈) ခုနှစ်တွင်တော့ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းကြီး ပေါ်ပေါက်ခဲ့၏။ ထိုအသင်းသည် ဂန္ဓာရမဂ္ဂဇင်းကို အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေခဲ့၏။ ထိုစာစောင်တွင် ခေတ်စမ်းကဗျာ၊ ခေတ်စမ်းစာပေ အမှီပြုသော စာအရေးအသားများကို တွေ့ရပေသည်။ ခေတ်စမ်းစာပေယဉ်ကျေးမှုကို စတင်ဦးဆောင်ခဲ့သူများမှာ သိပ္ပံမောင်ဝ၊ တက္ကသိုလ်မောင်သန့်စင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကုသ စသည့်စာရေးဆရာတို့ဖြစ်၏။ ခေတ်စမ်းစာပေကို စတင်မျိုးချရသည်မှာ လွယ်မယောင်နှင့်ခတ် တိမ်မယောင်နှင့်နက်လေ၏။ ဝေဖန်သူတစ်ချို့က ခေတ်စမ်းစာပေကို ဖန်တီးထုဆစ်ကြသူများကို စာပေအဖျက်သမားများဟု အပြစ်တင်ခဲ့ကြ၏။ သို့သော်လည်း ဦးဆောင်သူတို့၏ တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်မျိုးနှင့် ကြိုးပမ်းခဲ့မှုများကြောင့်သာလျှင် ခေတ်စမ်းစာပေသည် လူကြိုက်များလာခဲ့ပေသည်။ ထိုလှုပ်ရှားမှုသမိုင်းတွင် အထင်ရှားဆုံးမှာ သိပ္ပံမောင်ဝဖြစ်၏။

သိပ္ပံမောင်ဝ၏ ဘ၀ဇာတ်ကြောင်းကို တစ်ချက်လောက်ကြည့်ရအောင်။ ဦးစိန်တင်ခေါ် သိပ္ပံမောင်ဝကို မော်လမြိုင်မြို့ မုပွန်နတ်ကျွန်း အရပ်တွင် သန့်စင်မွေးဖွားခဲ့သည်။ ကံမကောင်းအကြောင်းမလှစွာ ငယ်ရွယ်စဉ်ကပင် မိဘနှစ်ပါးကို သေမင်းထံသို့အခွန်ဆက်သခဲ့ရ၏။ အဘိုးနှင့် အဘွားလက်ပေါ်တွင်ကြီးပြင်းလာခဲ့ရ၏။ အဘိုးဖြစ်သူနှင့် ဆွေးမျိုးတော်စပ်သူ ဘုန်းကြီး အရှင်တေဇော်သာရတို့၏ ဆုံးမသွန်သင်မှုများကြောင့် ငယ်စဉ်ကပင် လောကီလောကုတ္တရာတို့တွင် နုံ့စပ်ခဲ့၏။ အင်္ဂလိပ်အထက်တန်းကျောင်းတွင်ပါ ပညာသင်ကြားခဲ့ရသောကြောင့် အင်္ဂလိပ်မြန်မာနှစ်ဘာသာလုံးတွင် ကျွမ်းကျင်ခဲ့၏။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာဘာသာ  ပါဋ္ဌိဘာသာတို့တွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့၏။

ထိုနောက်တွင် ရန်ကုန်မြို့ကောလိပ်သိ ပ္ပံကျောင်းတွင် ပညာဆည်းပူးခဲ့၏။ ထိုအရွယ်ကပင် ၀ဇီရာတင့်အမည်နှင့် ဆောင်းပါးတချို့ စတင်သီကုံးခဲ့၏။ ကျောင်းသားသပိတ်ဖြစ်ပေါ်ခဲ့သောကြောင့် ကျောင်းမှရပ်နားကာ ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းတွင် ခေတ္တကျောင်းဆရာအဖြစ် ၀င်ရောက်ခဲ့၏။ (၁၉၂၃) ခုနှစ်တွင်တော့ ကျောင်းသို့ပြန်လည်ခြေချကာ ဥပစာ ၀ိဇ္ဇာအောက်တန်းကျောင်းသားအဖြစ် ပညာသင်ယူခဲ့၏။ ပညာကို အစွမ်းကုန် သင်ယူခဲ့မူကြောင့် အစိုးရ၏ ထောက်ပံငွေရရှိခဲ့သည်။ မြန်မာစာဂုဏ်ထူးတန်းတွင် ပထမဆုံးပညာနို့ရည်သောက်ခဲ့ရသော ကျောင်းသားဖြစ်ခဲ့ပေ၏။ ထိုနောက်ကျောင်းတွင် ဆရာအဖြစ် ပြန်လည်အလုပ်လုပ်ရင်း အမ်အေအတန်းကို တတ်ရောက်ခဲ့၏။ ထို့နောက် အိန္ဒိယနိုင်ငံသို့ ပညာတော်သင်စေလွတ်ခြင်းခံရကာ ထိုမှတစ်ဆင့် အင်္ဂလန်နိုင်ငံအောက်စဖို့ဒ် တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောအခါ ဒေသတော်တော်များများမှာ မြို့ဝန်အဖြစ်ဆောင်ရွက်ခဲ့သည်။

စာပေများကိုမူ (၁၉၃၀) ကာလထဲက သိပ္ပံကျောင်းသားမောင်ပြသွင်အမည်ဖြင့် သူရိယမဂ္ဂဇင်းတွင် မြန်မာမှုဆောင်းပါးများ ရေးခဲ့ပေသည်။ ထို့အပြင်စာနယ်ဇင်းများတွင်လည်း ဆောင်းပါး(၇၀) ကျော်ရေးသားခဲ့၏။ တင့်တင့်အမည်ဖြင့် ပြဇာတ်များလည်း ရေးသားခဲ့၏။ သိပ္ပံမောင်ဝအမည်ဖြင့် ၀တ္တုဆောင်းပါးများ၊ အဝေးရောက်မင်းကြီး ဦအောင်ကြီး၊ ဒေါက်တာဘမော်အစရှိသော အတ္ထုပ္ပတ္တိများကိုရေးသားခဲ့သည်။ ခေတ်စမ်းစာပေအငွေ့အသက်အပြည့်နှင့် ဆောင်းပါးများ၊ စာအုပ်များကို ဘ၀တစ်လျှောက်လုံး ရေးသားထုတ်ဝေခဲ့သည်။ သိပ္ပံမောင်ဝရေးသားခဲ့သော မောင်လူအေးဇာတ်ကောင်သည် ယနေ့တိုင်ထင်ရှားဆဲဖြစ်သည်။ ဝေဖန်မူများကိုကြံ့ကြံ့ခံကာ မြန်မာစာပေတိုးတက်မှုကိုသာ ရှေးရူ၍ ဘ၀တစ်သက်တာလုံး အားမာန်ရှိသမျှကြိုးပမ်းခဲ့၏။ သို့သော်လည်း အသက် (၄၃) နှစ်အရွယ်မှာတင် စစ်ဘေးရှောင်ရင်း မသမာသူတို့၏လက်ချက်ဖြင့် ကန့်ဘလူမြို့နှင့် ၁၀ မိုင်ခန့်အကွာ ဂါဒါဆည်ကြီးရွာတွင် သေဆုံးခဲ့ရသည်။ မြန်မာစာပေပရိသတ်တွေအတွက်တော့ ကြီးကျယ်သောဆုံးရှံးမှု တစ်ရပ်ဖြစ်ခဲ့၏။

သိပ္ပံမောင်ဝသည် မြန်မာစာပေတော်လှန်ရေးတွင် တစ်ခန်းတစ်နေရာမှ ကလောင်အစွမ်းဖြင့် ပြောင်းလဲပေးခဲ့သြူဖစ်သည်။ သူရေးသားခဲ့သော စာစုများသည် မြန်မာစာပေးတိုးတက်ရေး အုတ်မြစ်တစ်နေရာတွင် အရေးပါနေဆဲလည်းဖြစ်သည်။ သိပ္ပံမောင်ဝ သေဆုံးခဲ့သည်မှာ နှစ်ပေါင်းကြာညောင်းခဲ့ပြီ ဖြစ်သော်လည်း သူရေးသားခဲ့သော စာပေနှင့် သူပိျုးထောင်ခဲ့သော ခေတ်စမ်းစာပေသည် စာပေဖတ်ရှုသူတို့ရင်ထဲတွင် ယနေ့တိုင်ရှင်သန်နေဆဲ ဖြစ်ပါသည်။

Leave a Reply