ကိုယ့်ချစ်သူနဲ့မပြတ်ချင်ဘူးဆို ဘာတွေဆင်ခြင်ကြမလဲ

ကိုယ့်ချစ်သူနဲ့မပြတ်ချင်ဘူးဆို ဘာတွေဆင်ခြင်ကြမလဲ

0

ကြာရှည်တဲ့ Relationship တစ်ခုကို ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ အချိန်တွေ၊ ငွေတွေ၊ ခံစားချက်တွေ အားလုံးကို မြုပ်နှံထားခဲ့ရတာပါ။ ပျက်စီးသွားတဲ့ RS တွေကို ကြည့်မယ်ဆိုရင် ဘာမဟုတ်တဲ့ အသေးအဖွဲလေးတွေကနေပဲ ပျက်စီးသွားကြတာများပါတယ်။ ဒါကြောင့် ချစ်လျက်နဲ့မပြတ်စေဖို့၊ အသေးအဖွဲလေးကြောင့် မပျက်စီးစေဖို့အတွက် အောက်ကအချက်လေးတွေကို ရှောင်ဖို့ပြောချင်ပါတယ်ဗျာ…

Romance လေးတွေ နည်းလာပြီလား
ချစ်စကြင်စတုန်းကဆို တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် လူမြင်ကပ်လောက်အောင်ကို အကဲပိုပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြတာပါ။ Romance လေးတွေဖန်တီး၊ Surprise လေးတွေဖန်တီးနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း ရက်တွေလတွေနှစ်တွေကြာလာချိန်မှာတော့ ချစ်စကြင်စတုန်းကလို သဲသဲလှုပ်တတ်တဲ့အကျင့်လေးတွေ တဖြည်းဖြည်းနဲ့ လျော့နည်းလာပါတယ်။ ဒီလိုသွေးအေးလာမှုတွေက RS တစ်ခုပျက်စီးမှု လမ်းစတွေဖြစ်ပါတယ်။

တခါတလေလွတ်ထားပေးဖို့ မေ့နေပြီလား
တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြမယ်။ တစ်ယောက်နဲ့တစ်ယောက် မခွဲမခွာဘဲ သက်ဆုံးတိုင် နေသွားကြဖို့ စိတ်ကူးထားကြမယ်။ ဒါပေမယ့်လည်း ဒါဟာ နှစ်ယောက်သား တစ်ချိန်လုံး အတူတကွ ရှိနေရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ လူတိုင်းမှာ ဘယ်သူနဲ့မှ စကားမပြောဘဲ တစ်ယောက်တည်း နေချင်တဲ့အချိန်လေးတွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အလိုက်တသိနဲ့ သွားမနှောက်ယှက်ဘဲ တစ်ယောက်တည်းပေးနေလိုက်ပါ။ ဘာကြောင့် ညာကြောင့်ဆိုပြီး သွားမရစ်လိုက်ပါနဲ့။

နေရာတကာဝင်ပါနေပြီလား
စချစ်ခါစမှာ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာရက် တစ်ပူးတတွဲတွဲနဲ့ အတူသွားအတူလာ တတ်ကြပါတယ်။ ကိုယ့်ချစ်သူကို ကိုယ့်အနားမှာပဲရှိနေစေချင်တဲ့စိတ်က ပြောစရာမရှိပေမယ့် တစ်ချိန်လုံး မျက်စိအောက်ကအပျောက်မခံဘဲ မျက်စိဒေါက်ထောက်ကြည့်နေရင်တော့ အကြည့်ခံရသူအတွက် လွတ်လပ်မှုမရှိပါဘူး။ ဘယ်သူကမှ တစ်ယောက်ယောက်က ထိန်းချုပ်ထားတာကို မလိုချင်ကြပါဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အချိန် ကိုယ့်ချစ်သူက တစ်ချိန်လုံး ဖုန်းဆက်လိုက် စာပို့လိုက်လုပ်နေမယ်ဆိုရင်တော့ ဒါဟာ သူ့ကိုချုပ်ချယ်ရာရောက်ပြီး သင့်အပေါ် စိတ်ပျက်မိတဲ့အဆင့်ကို ရောက်သွားနိုင်ပါတယ်။

ပစ်ထားမိနေပြီလား
ချစ်သူဖြစ်စမှာ ဒီနေ့တော့ ငါ့ချစ်သူလေး ဘယ်လိုဝတ်လာမယ် ဘယ်လိုပြင်လာမယ် အရေးကြီးသလောက် ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ချစ်သူအပေါ် ဂရုစိုက်မှု၊ စိတ်ဝင်စားမှုတွေ လျော့နည်းလာပါတယ်။ မိမိကိုယ်တိုင်လည်း ချစ်သူနဲ့တွေ့တဲ့အခါ စချစ်ခါစကလို သပ်သပ်ရပ်ရပ် ပြင်ပြင်ဆင်ဆင်မရှိတော့ဘဲ ဖြစ်သလိုနေတတ်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်အပေါ်တစ်ယောက် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး RS တစ်ခုပျက်စီးဖို့ အကြောင်းဖန်လာစေပါတယ်။

နားမထောင်ဖြစ်ဘူးလား
လေးစားတယ်ဆိုတာ လူကြီးသူမတွေကိုမှ မဟုတ်ပါဘူး။ သူငယ်ချင်းအချင်းချင်း၊ ချစ်သူအချင်းချင်းကြားမှာလည်း လိုအပ်ပါတယ်။ ကိုယ့်ချစ်သူစကားပြောနေချိန်မှာ စကားကိုဆုံးအောင်နားထောင်ပေးပါ။ စိတ်ဝင်တစားနဲ့နားထောင်ပါ။ နားမလည်တာရှိရင် ပြန်မေးပါ။ ဒါဟာ သင်ကသူပြောတာကို စိတ်ဝင်စားကြောင်း ပြသရာရောက်ပါတယ်။ ဒီလိုမဟုတ်ဘဲ စကားကိုသေချာနားမထောင်တာ၊ သင်ကပဲလုပြောနေတာ၊ သူပြောတဲ့စကားကို လှောင်တာပြောင်တာတွေဟာ ချစ်သူနှစ်ဦးကြား အဖုအထစ်လေးတွေ ဖြစ်ပေါ်လာစေပါတယ်။

လွတ်လပ်မှုတွေပျောက်ဆုံးနေပြီလား
ချစ်သူနှစ်ဦးကြား နှစ်ကိုယ့်တစ်စိတ်ဖြစ်လာဖို့ဆိုတာ ချစ်သူနှစ်ဦး တစ်ချိန်လုံးအတူတူရှိနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တချို့ကိစ္စတွေက နှစ်ယောက်အတူရှိနေမှ လုပ်လို့ရပေမယ့် အရာရာတိုင်းအတွက် နှစ်ယောက်လုံးအတူရှိနေဖို့ မလိုအပ်ပါဘူး။ ကိုယ့်ချစ်သူက သူ့သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့ရှိတယ်ဆို ခွင့်ပြုလိုက်ပါ။ လူတစ်ယောက်ရဲ့ဘဝတစ်ခုအတွက် ချစ်သူအပြင် တခြားဂရုစိုက်ရမယ့်လူတွေရှိသေးတယ်ဆိုတာ နားလည်ပေးရပါမယ်။

ပြောင်းလဲယူဖို့ ကြိုးစားနေပြီလား
နားလည်မှုဆိုတာ ချစ်သူနှစ်ဦးရဲ့အသက်လို့ ဆိုလို့ရပါတယ်။ တစ်ယောက်ရဲ့စိတ်ထား၊ အကြိုက်၊ ဝါသနာတွေကို တားဆီးဖို့ ပိတ်ပင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တယ်ဆိုရင်လည်း ဒါဟာ အတ္တကြီးရာရောက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ စိတ်ထားတွေ ဝါသနာတွေကို အလျော့အတင်းလေးလုပ်ပြီး နားလည်မှုရှိရှိဖြတ်သန်းပါမှ သာယာပျော်ရွှင်စရာကောင်းတဲ့ RS တစ်ခုကို ဖန်တီးနိုင်မှာပါ။ ကဲ… သင့်ကိုယ်သင်မေးကြည့်ပါဦး… ပြောင်းလဲယူဖို့ကြိုးစားနေမိပြီလား။

အပြစ်တင်တာတွေများနေပြီလား
RS တစ်ခုပျက်စီးခြင်းရဲ့ အဓိကအကြောင်းအရာတစ်ခုလို့ ဆိုလို့ရပါတယ်။ လုပ်သမျှတိုင်းကို ဘေးကနေတစ်ဗြစ်ဗြစ်တတောက်တောက်ပြောနေတာက ပြောခံရသူအတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုကင်းမဲ့လာစေပြီး သည်းခံနိုင်မှုကုန်ဆုံးလာတဲ့အခါ RS တစ်ခုပျက်စီးခြင်းကို ဦးတည်သွားစေပါတယ်။ ပျော်ရွှင်မှုသာယာတဲ့ RS တစ်ခုကို ဖန်တီးဖို့ဆိုရင် ကိုယ့်ချစ်သူရဲ့ အားနည်းချက်တွေကို ထုတ်ဖော်မပြောဘဲ အားသာချက်လေးတွေကိုရှာပြီး ချီးကျူးသင့်ပါတယ်။

လျို့ဝှက်ချက်တွေများနေပြီလား
လူတိုင်းလျို့ဝှက်ချက်ကိုယ်စီရှိကြပါတယ်။ ဘယ်လောက်ပဲရင်းနှီးနေတဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းပဲဖြစ်ဖြစ် မောင်နှမချင်းပဲဖြစ်ဖြစ် လူသိမခံချင်တဲ့ လျို့ဝှက်ချက်ဆိုတာ ရှိစမြဲပါ။ ဒီလိုပဲ ဘယ်လောက်ပဲချစ်ကြတဲ့ ချစ်သူတွေဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ပေးမသိတဲ့ လျို့ဝှက်ချက်ဆိုတာ ရှိပါတယ်။ ဒါဟာ သဘာဝမို့ အလိုက်တသိနားလည်ပေးရမှာပါ။ ဒါပေမယ့်လည်း အရာရာတိုင်းကို လျို့ဝှက်ထားပြီး ကြားလူတွေကတစ်ဆင့် ပြန်ကြားနေရတယ်ဆိုရင်တော့ ချစ်သူနှစ်ဦးကြား ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပေးသိသင့်တာကိုတော့ ပေးသိသင့်ပါတယ်။

လက်ရှောင်တာတွေများနေပြီလား
ပြဿနာတစ်ခုရှိပြီဆို ရှောင်ပြေးနေလို့မရပါဘူး။ ပြဿနာကိုမကြီးလာစေဖို့ နှစ်ဦးသား ပွင့်ပွင့်လင်းလင်းနဲ့ ဖြေရှင်းသင့်ပါတယ်။ စကားမများချင်တာနဲ့ပဲ ပွင့်ပွင့်လင်းလင်းမပြောဘဲ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေရမယ်ဆို ပြဿနာသေးသေးလေးကနေ ပြဿနာအကြီးကြီးအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးအကြား အဖုအထစ်လေးတွေကို ရှောင်ဖို့ဆိုရင် လက်မရှောင်ဖို့လိုအပ်ပါတယ်။

ကဲ… အားလုံးပဲ ရှောင်သင့်တာလေးတွေရှောင်ရင်း သာယာပျော်ရွှင်တဲ့ Relationship တစ်ခုကို ဖန်တီးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ…

Leave a Reply